မတ်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်၏ ရိက္ခာများ တင်ဆောင်လာသော ရိက္ခာတင်ယာဥ်(၁၇)စီး တောင်ငူ-လိပ်သို-လွိုင်ကော်လမ်းမပေါ်တွင် ပြီးခဲ့သည့် မတ်လ(၅)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ယာဥ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သံတောင်တော်လှန်ရေးအင်အားစုထံမှ သိရသည်။
လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ရင်းသို့ ရိက္ခာဖြည့်တင်းရန်လာသော အဆိုပါယာဥ်တန်းကို သံတောင် ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကော်ဗတ်ခြံရွာနှင့်ဇလဲရွာအနီးတွင် ထိုနေ့ နေ့လည်ပိုင်းက မြို့နယ် အခြေစိုက် ပျောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကားနှစ်စီးပျက်စီးခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “လိပ်သို-လွိုင်ကော်လမ်းမအတိုင်းတက်လာတဲ့ စစ်ကား(၁၇)စီးကို သံမိုးတောင် အထက် ကော် ဗတ်ခြံ၊ ဇလဲရွာအကွေ့နားမှာ ပျောက်ကြားတပ်ဖွဲ့ကမိုင်းဆွဲတာ ကားနှစ်စီးပျက်စီးသွားပါတယ်။ ရန်သူ ထိခိုက်မှုကတော့ အတိအကျမသိရသေးပါဘူး။ လမ်းတွေလည်းပိတ်ထားတော့ ရိက္ခာကား နှစ်စီးထိတာတော့သေချာပါတယ်။”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
အဆိုပါ ယာဥ်တန်းနှင့်အတူ ဂေဘားတပ်မတော် သင်တန်းဆင်းလာသူအချို့လည်း လိုက်ပါလာပြီး အသေးစိတ်ကိုမှု ၎င်းတို့အနေဖြင့် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
“ကားတွေပေါ်မှာ ဂေဘားတပ်မတော်က သင်တန်းဆင်းလာတဲ့သူတွေပါတယ်လို့ ကြားတယ် ။ သတင်း ကသေချာသလောက်တော့ရှိပါတယ်။ မြေပြင်ကိုထောက်လှမ်းနေတာတော့ သင်တန်းဆင်းလာတာလို့ ၊ သတင်းရတယ်ဗျ။ ” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ ယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် အနီးရှိ စစ်တပ်စခန်းများမှ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်သဖြင့် ကောဗတ်ခြံရွာနှင့်သံမိုးတောင်ကျေးရွာအနီးရှိ တောင်ယာများအတွင်း ကျရောက် ပေါက်ကွဲခဲ့သော်လည်း ဒေသခံထိခိုက်ဒဏ်ရာရရှိမှုမရှိဟု လိပ်သိုဒေသနေ အမျိုးသားတစ်ဦးကလည်း ယခုလိုပြောသည်။
“စစ်တပ်ဘက်က ဟိုဘက်ရွာဒီဘက်ရွာ လေးငါးဆယ်ချက် လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်သွားတယ်။ ကောဗတ်ခြံဘက်ရော သံမိုး တောင်နားနီးတဲ့ရွာ ဘက်ကခြံတွေထဲကျတယ်။ လူတွေတော့ ဘာမှအထိအခိုက်မရှိဘူး။ လိပ်သို(၆၀၃)တပ်ရင်းကို ရိက္ခာသွားဖြည့်တဲ့ကားတွေပါ။ နောက်တစ်ရက်ကျတော့ ပြန်ဆင်းသွားတယ်။” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
ယာဥ်တန်းတိုက်ခိုက်ခံရစဥ် ယာဥ်ပေါ်တွင် ဂေဘားတပ်မတော်ဖွဲ့ရန် စစ်ကောင်စီက စစ်သင် တန်းပေးထားသူများ အတူလိုက်ပါလာခြင်းရှိမရှိကိုမူ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) ထိန်းချုပ်နယ်မြေအတွင်းရှိ လိပ်သိုဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်း တပ်ဖွဲ့များ၏ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား တိုက်ခိုက်သည့်တိုက်ပွဲဖြစ်ပွားပြီးနောက် တ ကျော့ပြန် နယ်မြေမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



















