Home သတင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရ

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရ

155
Photo crd- AFP (မြန်မာစစ်တပ်လေယာဥ်-ပုံဟောင်း)

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ(၅)ရွာကို ပြီးခဲ့သည့် မတ်လ (၂၆)ရက်နေ့က စစ်ကောင်စီမှ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သဖြင့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကျွန်းတောကုန်း၊ နကျပ်၊ ပိတောက်ကုန်း၊ စည်ပိုင်း အစရှိသော‌ ကျေးရွာ (၅)ရွာကို စစ်တပ်က လေယာဥ်(၃)စီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ထောင်နှင့်ချီသော ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လုံခြုံရေးအခြေအနေကြောင့် အချို့မှာ လက်ရှိအချိန်ထိ နေအိမ်မပြန်နိုင်သေးကြောင်း စစ်ရှောင်အရေးကူညီနေသူ များက ပြောသည်။

အမည်မဖော်လိုသူ စစ်ရှောင်ကူ အမျိုးသားတစ်ဦးက “တိုက်ပွဲဘာမှမဖြစ်ဘူး အဲဒီနေ့ကရော အဲဒီအရင်ကရော တိုက်ပွဲမဖြစ်ဘူး (၅)ရွာလုံးကတော့ အဲဒီနေ့ကတည်းကရှောင်နေရတယ်။ အခြေအနေကြည့်ပြီး ပြန်နေတဲ့ သူတစ်ချို့လည်းရှိတယ်။ တစ်ရွာကို လူပေါင်း(၇၀၀)နီးပါးလောက်ရှိတော့ ရွာတွေပေါင်းလိုက်ရင် ထောင်ချီရှိပါတယ်။”ဟု ပြောသည်။

လတ်တလောတွင် အဆိုပါစစ်ရှောင်များ၏ စားဝတ်နေရေးအတွက် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးသလို စစ်ရှောင် ပြည်သူများမှာလည်း နေထိုင်ရေးနှင့် စားဝတ်နေရေးအတွက် ၎င်းတို့ဘာသာ ဖြေရှင်းနေရသည်ဟု ထို စစ်ရှောင် ကူဒေသခံက ဆက်ပြောသည်။

၎င်းက “အခုလောလောဆယ်တော့ ကျနော်တို့လည်း သူတို့ကိုထောက်ပံ့ပေးနိုင်တဲ့အနေအထားမရှိသေးတော့ သူတို့ဘာသာ စားသောက်နေထိုင်ရေးအတွက် ဖြေရှင်းနေရတယ်။ ကျနော်တို့နေရာမှာက စစ်ရှောင် စခန်းရယ် လို့တော့ သီးသန့်ဖွင့်ထားတာမရှိတော့ ဆွေမျိုးနီးစပ်ရာပြောင်းနေနေရတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲမဖြစ်ပွားဘဲ ထိုရွာ(၅)ရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဒေသတွင်းနေထိုင်သူ ဒေသခံအချို့ကလည်း အတည်ပြုပြောဆိုထားသလို ဆွေမျိုးနီးစပ်သူမရှိသော ဒေသခံများမှာ တော၊ တောင်များအတွင်း ခိုအောင်းနေထိုင်နေရသည်ဟု သိရသည်။

“ခန့်မှန်းပြီးကြဲတာလို့ထင်တယ် လောလောဆယ်လူတွေကတော့ တောထဲမှာပဲ လျှောက်ပုန်းနေကြ သေးတာပေါ့နော်” ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
ကျေးရွာ(၅)ရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသော်လည်း နေအိမ်ပျက်စီးမှုအခြေအနေနှင့်တကွ နောက်ဆက်တွဲအသေးစိတ်ကိုမှု ကေအိုင်စီအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း တောင်ငူခရိုင်၊ သံတောင်ကြီးအထူးဒေသနယ်မြေအတွင်းရှိ ကန်လှရွာအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပြာကျ၍ ဒေသခံအများအပြား နေအိမ်မဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေကြောင်း နယ်မြေအခြေစိုက် စစ်ရှောင်ကူများ၏ ပြောပြချက်အရ သိရသည်။