Home သတင်း နွေရာသီ အခြေခံဘောလုံးအားကစားနှင့် အင်္ဂလိပ်စာသင်တန်း KYO ဖွင့်လှစ်သင်ကြားပေးမည်

နွေရာသီ အခြေခံဘောလုံးအားကစားနှင့် အင်္ဂလိပ်စာသင်တန်း KYO ဖွင့်လှစ်သင်ကြားပေးမည်

924

မတ်လ ၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး-KYO ဦးဆောင်ပြီး ယခု မတ်လ ၆ ရက်နေ့တွင် နွေရာသီဘောလုံးအားကစား နှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် KYO က ထုတ်ပြန်ကြညာထားသည်။

မျိုးဆက်သစ် ကရင်ဘောလုံးအားကစားသမားများကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါ အခြေခံဘောလုံးအားကစားသင်တန်းကို အသက် ၁၀ နှစ်မှ ၂၁ နှစ်အရွယ် အမျိုးသားအမျိုး သမီးများ ပါဝင်တက်ရောက် နိုင်ပြီး နောင်ဘိုကြီးကျေးရွာတွင် သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့နယ် KYO တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ခန့်မှန်း လျာထားတာက ကလေး ၈၀ လောက်ပေါ့။ အခုလောလောဆယ်တော့ ၄၀ လောက်တော့ စာရင်းလာပေးထားပြီး။ ဒီကလေးတွေက လူငယ်အားကစားသမားတွေ မွေးထုတ်လို့ရတာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

မတ်လ ၆ ရက်မှ ဧပြီလ ၆ ရက်နေ့အထိ တစ်လကြာမည့် အဆိုပါ ဘောလုံးအားကစားသင်တန်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ်သင်ကြားပေးသွားမည်ဖြစ်သည်ဟု သိရသည်။

အခမဲ့သင်ကြားပေးမည်သော်လည်း ပါဝင်တက်ရောက်မည့် သင်တန်းသားများအနေဖြင့် အဆိုပါ သင်တန်းအတွက် စရံငွေကျပ်ငွေသုံးသောင်းပေးသွင်းရမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးအောင်တက်နိုင်ပါက စရံငွေများကို ပြန်ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း KYO ၏ ဖိတ်ခေါ်စာတွင် ဖော်ပြ ပါရှိသည်။

ထို့အတူ ၂ လတာကြာမည့် နွေရာသီအင်္ဂလိပ်စာသင်တန်းကိုလည်း အခမဲ့ ဖွင့်လှစ်သင်ကြား ပေးသွား မည်ဖြစ်သလို ယနေ့ မတ်လ ၄ ရက်နေ့တွင် စတင်စာရင်းပေးသွင်းနိုင်ပြီး ယခုလ ၁၃ ရက်နေ့တွင် စတင်သင်ကြားပေးသွားနိုင်မည်ဖြစ်ကြောင်း KYO ပိုင်ကျုံမြို့နယ်၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြဖိတ်ခေါ်ထားသည်။

ပိုင်ကျုံမြို့နယ် KYO အနေဖြင့် အခြေခံ ဘောလုံးအားကစားသင်တန်းကို ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး သင်တန်းအတွက် လိုအပ်သည့် အားကစားပစ္စည်းများကိုလည်း ပါဝင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အဖွဲ့လူငယ်ခေါင်းဆောင်များက ဖိတ်ခေါ်တိုက်တွန်းထားသည်။