Home သတင်း ထားဝယ်နှင့် ရေဖြူတွင် ပြောင်းရွှေ့ထောက်ခံစာမပါသူများကို ဧည့်စာရင်းတိုင်ကြားခွင့်မပေး

ထားဝယ်နှင့် ရေဖြူတွင် ပြောင်းရွှေ့ထောက်ခံစာမပါသူများကို ဧည့်စာရင်းတိုင်ကြားခွင့်မပေး

2333

မတ်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိထားဝယ်နှင့် ရေဖြူမြို့နယ်များတွင် အခြားမြို့နယ်မှ ရွှေ့ပြောင်း လာသည့် ဒေသခံများအနေဖြင့် ပြောင်းရွှေ့ထောက်ခံစာမပါလာပါက ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးများတွင် ဧည့်စာရင်း တိုင်ကြားခွင့်မပေးကြောင်း ထားဝယ်မြို့နေ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ကုန်ပိုင်းမှစတင်ပြီး အခြားမြို့နယ်မှ ရွှေ့ပြောင်းလာသော ဒေသခံများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါလာပါက ရပ်ကွက်ရုံးများတွင် ဧည့်စာရင်း တိုင်ကြားခွင့် မပေးတော့ကြောင်းထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက တိုက်ပွဲတွေကလည်း ဖြစ်လာတော့ ဧည့်စာရင်းဆက်တိုက် စစ်လာတာတွေရှိတယ်။ စစ်ရှောင်တွေ အများစုနေတဲ့ နေရာတွေကို စစ်တာပေါ့။ အကယ်၍ ကိုယ့်မှာတခြားနေရာက ရွှေ့ ပြောင်းလာတဲ့ ရပ်ကွက် ထောက်ခံစာမပါလာဘူးဆိုရင် သူတို့ကဧည့်စာရင်း ပေးမတိုင်တော့ဘူး။”ဟု ထိုအမျိုးသမီးက ကေအိုင်စီ သို့ ပြောသည်။

လတ်တလောတွင် တနင်္သာရီတိုင်းအတွင်းရှိ ဒေသအများစုတွင် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပိုမိုဖြစ်ပွားလာသောကြောင့် ယခုနှစ်အတွင်း မြို့ပေါ်သို့ စစ်ဘေးလာရောက် ရှောင်တိမ်းပြီး အခန်းငှားနေထိုင်သူများ ပိုများလာကြောင်းလည်း ၎င်းမြို့ခံက ဆက်ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်များမှ ဧည့်စာရင်း လာရောက်စစ် ဆေးချိန်တွင်လည်း မှတ်တမ်းစာရွက်မပြနိုင်ပါက ငွေဒဏ်ရိုက်ခံရခြင်း နှင့် ရပ်ကွက်ရုံးတွင် ခေါ်ယူစစ် ဆေးမှုများ ပြုလုပ် ခံရကြောင်းလည်း အမည်မဖော်လိုသူ နောက်ထပ်ထားဝယ်မြိုခံတစ်ဦးက ပြောသည်။

၎င်းက “သူတို့လာစစ်ချိန် ဧည့်စာရင်းစာရွတ်မပြနိုင်ရင်တော့ပိုက်ဆံပေးရတာပေါ့။ တချို့ နေရာ တွေဆိုရင် ထောက်ခံစာယူချိန်တောင်မရဘူးလေ။ ရွာတွေဘက်မှာက တိုက်ပွဲဖြစ်ရင် ရုတ်တရက် ကြီးပဲဆိုတော့ အဲ့လို လူတွေက ပိုထိတာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။

ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး တိုက်ပွဲနှင့် စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် နေရပ်စွန့်ခွါထွက်ပြေးရသူ အရေအတွက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလကုန်အထိ (၅၉,၀၀၀) ကျော် ရှိနေပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း အခြေစိုက် FE5 Tanintharyi အဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။