မတ်လ ၂၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေရှိ မဲသရောထစခန်းကုန်းနှင့် ဂျိုးဖြူ (Check Point) တောင်ကုန်းကို မတ်လ ၁၅ ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မ တော်-KNLA ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF က ယနေ့ တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ- ၅၅၇၊ ၅၅၈) တပ်သားများ အထိုင်ချတပ်စွဲထားသည့် မဲသရောထ စခန်းကုန်းနှင့် ဂျိုးဖြူ (Check Point) တောင် ကုန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ် ဘက်မှ ၅ ဦး သေဆုံးပြီး လက်နက်ကြီးလက်နက် ငယ်စုစုပေါင်း ၆၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်ဟု SOF ၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
၄င်းက “ရန်သူ ၅ ဦးအလောင်းနဲ့လက်နက် ၆၀ ကျော်ရတယ်။ ကျန်တဲ့ စကစ ၅၀ လောက်က ထိုင်းဘက်ခြမ်း ပိုင်ခလန်ရွာကို ထွက်ပြေးတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် (၁) လက်၊ (၄၀မမ) ဗုံးသီး (၁၀) လုံး၊ (၅.၅၆) ကျည် (၂၀၀) တောင့်နှင်အတူ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ထံသို့ လက်နက်ချအညံ့ခံလာသည်ဟု SOF က ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၅၀) ဦးခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလန်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည်ဟု သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျိုက်ဒုံစစ် ကောင်စီဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲ၌ ဗျူဟာမှူးအပါအဝင် စုစုပေါင်း (၆၆) ဦး လက်နက် ချအညံ့ခံခဲ့ပြီး လက်နက်ကြီး လက်နက် ငယ်စုစုပေါင်း ၁၃၆ လက်နှင့် ခဲယမ်းအများအပြား ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။
အလားတူ KNLA ပူးပေါင်းတပ်ဖွဲ့များသည် မိမိတို့ ထိန်းချုပ်ထားသည့်နေရာတွင် နယ်မြေရှင်းလင်း ရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်နေသလို မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်စည်းမျဉ်းတလျှောက်တွင်လည်း နယ်မြေစိုးမိုးထားကြောင်းလည်း SOF က အသိပေးထုတ်ပြန်ထားသည်။