Home ဆောင်းပါး သတင်းမီဒီယာရဲ့ မူလတာဝန်ကို တည့်မတ်တည်ကြည်စွာ ထမ်းဆောင်ရေး

သတင်းမီဒီယာရဲ့ မူလတာဝန်ကို တည့်မတ်တည်ကြည်စွာ ထမ်းဆောင်ရေး

408
Photo: Internet

သတင်းမီဒီယာရဲ့ မူလတာဝန်ကို တည့်မတ်တည်ကြည်စွာ ထမ်းဆောင်ရေး

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်)

(စကစ)စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ၃နှစ်တာကာလအတွင်း သတင်းမီဒီယာတွေရဲ့ အနေအထား ဟာ သတင်းမီဒီယာတွေရဲ့ မူလတာဝန်ကနေ တဖြည်းဖြည်းနဲ့ ရွဲ့စောင်းလျှောကျလာတယ်လို့ မြင်မိပါတယ်။ အထူးသ ဖြင့် စစ်ရေးသတင်း ဖော်ပြချက်တွေမှာ သတိပြုမိပါတယ်။ (စကစ)စစ်အုပ်စုဘက်က သေဆုံး ဒဏ်ရာသတင်းတွေကို ဖော်ပြရာမှာ အဖြစ်မှန်ထက် ပိုမိုချဲ့ကားဖော်ပြတာတွေ၊ လိုအပ်တာထက် ပိုမိုချဲ့ကားထားတဲ့ တော်လှန်ရေးအားပေး လှုံ့ဆော်မှုတွေ ပါဝင်နေတာကို တွေ့လာရပါတယ်။

သတင်းမီဒီယာတွေရဲ့မူလတာဝန်ဟာ လူမှုဘဝနယ်ပယ်ပေါင်းစုံက စဉ်ဆက်မပြတ် ပေါ်ထွက်လာနေတဲ့ သတင်းအချက်အလက်နဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ခိုင်လုံတိကျတဲ့ ရင်းမြစ်တွေ၊ အကိုးအကားတွေအပေါ်မှာ အခြေပြုပြီး မိမိတို့သတင်းမီဒီယာဌာနက ကိုင်စွဲထားတဲ့ မူပေါ်လစီနဲ့အညီ တင်ပြဖို့ပဲ မဟုတ်ပါလား။

ဒီလိုဖြစ်လာတာဟာ သတင်းရရှိရာ ဇစ်မြစ်သို့ သတင်းထောက်များကိုယ်တိုင် သွားရောက်သတင်းရယူနိုင်တဲ့ အနေအထား နည်းပါးသွားတာ၊ ခက်ခဲသွားတာကလည်း အခြေခံအကြောင်း အချက်တစ်ခုအဖြစ် ပါဝင်နေတာကိုလည်း သတိပြုမိပါတယ်။ အထူးသဖြင့်တော့ ဒီလိုဖြစ်လာရတာဟာ အာဏာသိမ်း (စကစ)စစ်အုပ်စုက သတင်းမီဒီယာတွေ၊ သတင်းထောက်တွေကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း ပုဒ်မမျိုးစုံတပ်ပြီး ထောင်ချပစ်ခြင်း၊ တိုင်းပြည်ထဲကနေ မောင်း ထုတ်ပစ်ခြင်းဆိုတဲ့ အချက်က အဓိကဖြစ်ပါတယ်။ (စကစ)စစ်အုပ်စုဟာ သတင်းမီဒီယာတွေကို ငြိုးသူရန်ဘက်သဖွယ် သဘောထားပြီး အကြမ်းဖက် ဖိနှိပ်နေတာပဲဖြစ်ပါတယ်။

သတင်းဌာနတွေ၊ သတင်းထောက်တွေကို ဖိနှိပ်သလို သတင်းရယူမှု မှန်သမျှနဲ့ သတင်းဖော်ပြမှု နည်းလမ်း မှန်သမျှကိုလည်း တင်းတင်းကြပ်ကြပ် ကန့်သတ်တားမြစ် ပိတ်ဆို့ထားပါတယ်။

နှိုင်းယှဉ်ချက်အားဖြင့် ဒီချုပ်ပါတီအစိုးရ အာဏာရရှိလာပြီးနောက်ပိုင်း တစ်စုံတစ်ရာ လွတ်လပ်လာသလိုလို ရှိလာတဲ့ သတင်းမီဒီယာတွေဟာ ရုတ်ချည်းဆိုသလို (နဝတ-နအဖ)စစ်အစိုးရ ခေတ်ကာလသို့ နေ့ချင်းညချင်း ပြန် ရောက်သွားသလို ဖြစ်သွားတာပါပဲ။

နောက်တစ်ချက်ထူးခြားတာက (စကစ)စစ်အုပ်စုက သဲကြီးမဲကြီး တားမြစ်ပိတ်ဆို့နေတဲ့ကြားထဲကနေ နေရာ ပေါင်းစုံ လုပ်ငန်းနယ်ပယ်ဌာနပေါင်းစုံက သတင်းအချက်အလက်တွေဟာ ပုံစံမျိုးစုံနဲ့ အဆက်မပြတ် ပေါက်ကြားပေါ် ထွက်နေတဲ့ကိစ္စပါပဲ။ ခက်ခဲနေတာက အဲဒီလိုပေါ်ထွက်လာတဲ့ သတင်းအချက်အလက်တွေကို ကောလဟလတွေပဲလို့ လျစ်လျူရှုလို့ မရနိုင်သလို ဟုတ်တယ်မှန်တယ်လို့လည်း စိတ်ချလက်ချ ယုံကြည်ကိုးစားလို့ မရနိုင်တာပဲ ဖြစ်ပါတယ်။ လက်တွေ့ဖြစ်နေတဲ့ အနေအထားက ပေါ်ထွက်ပေါက်ကြားလာသမျှတွေဟာ တကယ်ဖြစ်ချင်လည်း ဖြစ်နိုင်တယ် ဖြစ် ချင်မှလည်း ဖြစ်လိမ့်မယ်ဆိုတဲ့ မသဲမကွဲတဲ့ အနေထားဖြစ်ပြီး ဘယ်သူကမှ သီးခြား အခိုင်အမာ အတည်ပြုပေးနိုင်တဲ့ အနေအထားမရှိတာမျိုး ဖြစ်နေပါတယ်။

နောက်ထပ် အချင်းအရာတစ်ခုက ဒီလိုသတင်းအချက်အလက်တွေဟာ ဆိုရှယ်မီဒီယာမျိုးစုံမှာ မတားနိုင် မဆီးနိုင်တဲ့ အရှိန်အဟုန်နဲ့ ပြန့်နှံ့နေတာပါပဲ။ လူများစုံရဲ့ အာရုံကျက်စားမှုဟာ ဆိုရှယ်မီဒီယာပေါ်မှာပဲ အဓိကလိုလို ဖြစ်နေပါတယ်။ (စကစ)စစ်အုပ်စုရဲ့ သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို အများစုက လှည့်မကြည့်တော့ပါဘူး။ သူတို့တင်ပြထုတ်ပြန်ချက်နဲ့ ပြောင်းပြန်ပဲ ယူဆနေကြပါတော့တယ်။

ဒါ့အပြင် သတင်းမီဒီယာတွေကိုပါ “ဓမ္မဘက်က ရပ်တည်မလား/ အဓမ္မဘက်က ရပ်တည်မလား” ဆိုတဲ့ စည်း ကြောင်းခွဲလာတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအချက်ကလည်း သတင်းမီဒီယာတိုင်းလိုလို၊ သတင်းမီဒီယာသမားတိုင်းလိုလို ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဒီနေ့ကာလရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။

သေချာတာကတော့ သတင်းမီဒီယာတွေဟာ (စကစ)စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာတွေ၊ ရုပ်သံ တွေ၊ “သတင်းမှန်ပြန်ကြားရေး” (ဝါ) စိတ်ဓာတ်စစ်ဆင်ရေးဌာနတွေကလို “ကြမ်းပိုးကိုလိပ် – လိပ်ကိုကြမ်းပိုး” လို့ ဗလောင်းဗလဲလုပ်၊ မျက်နှာပြောင်တိုက်ပြီး ရေးလို့ ပြောလို့ ကြေညာလို့ မဖြစ်ပါဘူး။

အမှားကိုအမှန်နဲ့၊ အတုကိုအစစ်နဲ့၊ အမှောင့်ကို အဖြောင့်နဲ့၊ အရေအတွက်ကို အရည်အချင်းနဲ့၊ လုပ်ကြံ ဖန်တီး ထားတာတွေကို အကြောင်းအကျိုးကျနမှုနဲ့ ပိုင်းခြား စိစစ် ဝေဖန် ဖော်ထုတ် ဖွင့်ချရမှာက သတင်းစာပညာ၊ သတင်းစာ ကျင့်ဝတ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့ သတင်းမီဒီယာဌာနများနဲ့ သတင်းသမားတိုင်းရဲ့ တာဝန်ပဲလို့ ဆိုချင်ပါ တယ်။

သတင်းစာပညာနဲ့ သတင်းစာကျင့်ဝတ်၊ သတင်းသမားသိက္ခာကို မြင့်မြင့်မားမား တန်ဖိုးထားတဲ့ သတင်းသမား တစ်ဦးဟာ သူရရှိလာတဲ့ “ခိုင်လုံမှုမရှိတဲ့ အချက်အလက်တစ်ခု” လုပ်ကြံဖန်တီးမှုတွေဖြည့်စွက်ပြီး အများပြည်သူထံ တင်ပြမယ်ဆိုရင် ဒါဟာ သူ့သတင်းစာပညာ၊ သူ့သတင်းစာကျင့်ဝတ်နဲ့ သူ့သတင်းဌာနရဲ့ သိက္ခာကို သူကိုယ်တိုင် ချနင်း ပစ်လိုက်တာမျိုးပါပဲ။ ဒါဟာ အကြီးအကျယ် လိမ်ညာမှုတစ်ခုပါပဲ။

အသက်ဝိဉာဉ်တစ်ခုသဖွယ် အရေးကြီးတာလို့ ယူဆမိတဲ့ အချက်တစ်ခုကတော့ “စာပေအနုပညာလွတ်လပ် ခွင့်”လို့ပဲဆိုဆို “သတင်းစာမီဒီယာလွတ်လပ်ခွင့်”လို့ပဲပြောပြော ဒီကိစ္စဟာ အရင်းစစ်လိုက်ရင် “နိုင်ငံရေးပြဿနာ၊ ဒီမို ကရေစီပြဿနာ”ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် “နိုင်ငံရေးလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ ဒီမိုကရေစီ အတိုင်းအ တာ ဘယ်လောက်ရှိသလဲ” ဆိုတဲ့ ပြဿနာပါပဲ။ ဒီကိစ္စမှာ ကျနော်တို့ သတင်းမီဒီယာဌာနတွေ၊ သတင်းမီဒီယာသမား တွေဟာ ဘယ်လို သဘောထားအမြင်နဲ့ပါဝင်ကြမလဲ။ မပါဝင်ချင်လို့တော့ မရနိုင်ပါဘူး။

ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာ စစ်အုပ်စုက တပ်မတော်ကို တစ်လက်ကိုင်တပ်၊ ခါးပိုက်ဆောင်တပ်အဖြစ် ချုပ်ကိုင်ထားပြီး ၂၀၀၈အခြေခံဥပဒေ အပါအဝင် ဥပဒေအားလုံးကို သူတို့စိတ်ကြိုက် သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်နိုင်တယ်။ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးပါတီတွေကို မလိုရင်မလိုသလို ဖျက်သိမ်းပစ် နိုင်တယ်။ တစ်နည်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့နယ်ပယ်ပေါင်းစုံကို “စစ်အစိုးရ – စစ်အုပ်စုနဲ့စစ်ဗြူရိုကရေစီယန္တရား” ဆိုတဲ့ “စစ် ၃ စစ်”က ဗိုလ်ကျချုပ်ကိုင် လွှမ်းမိုးထားတာဖြစ်ပါတယ်။

ဒီကနေ့ ကျနော်တို့တိုင်းပြည်ရဲ့ လက်ငင်းနိုင်ငံရေးတာဝန်ဟာ အထက်မှာတင်ပြခဲ့တဲ့ “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို အကုန်အစင် ဖယ်ရှား ဖျက်သိမ်းပစ်ဖို့ဖြစ်ပါတယ်။ ဒီတာဝန်ကို ကျနော်တို့မီဒီယာတွေနဲ့ မီဒီယာ သမားတွေဟာ ခိုင်လုံတိကျတဲ့ သတင်းအချက်အလက်တွေကို ဖြစ်နိုင်သမျှ အခြေခံပြီး တိုင်းပြည်နဲ့ ပြည်သူထံကို မိမိ တို့ကိုင်စွဲထားတဲ့ ကျင့်ဝတ်သိက္ခာနဲ့အညီ မိမိတို့မီဒီယာပေါ်လစီနဲ့အညီ မြင်ကွင်းစုံ ရှုထောင့်စုံကနေ အခါမလပ် အသိ ပေး တင်ပြကြဖို့ပဲဖြစ်ပါတယ်။

“သတင်းမီဒီယာဆိုတာ ဘက်မလိုက်ရဘူး”ဆိုတဲ့ အမြင်နဲ့သဘောထားဟာ ခေတ်ကုန်သွားပါပြီ။ နိဂုံးချုပ် သွားပါပြီ။
အစမှာ တင်ပြခဲ့သလိုပါပဲ။ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေရဲ့ မူလတာဝန်ဟာ လူမှုဘဝနယ်ပယ် ပေါင်းစုံကနေ စဉ်ဆက်မပြတ် ပေါ်ထွက်လာနေတဲ့ သတင်းအချက်အလက်နဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ခိုင်လုံတိကျတဲ့ ရင်း မြစ်တွေ၊ အကိုးအကားတွေအပေါ်မှာ အခြေပြုပြီး မိမိတို့သတင်းမီဒီယာဌာနက ကိုင်စွဲထားတဲ့ မူပေါ်လစီနဲ့အညီ ရဲရင့် ပွင့်လင်းစွာ ရေးသားတင်ပြကြဖို့ပါပဲ။

(စကစ) စစ်အုပ်စုက လိမ်ညာဖုံးဖိထားတဲ့ သတင်းတွေ၊ ပုံဖျက်ထားတဲ့ အချက်အလက်တွေ၊ ထိန်ချန်ထားတဲ့ အကြောင်းအရာတွေ၊ လူမျိုးရေးဘာသာရေး သွေးခွဲရန်တိုက်ထားတာတွေ၊ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုတွေ၊ ခိုးဝှက် သိမ်းပိုက်ထားတာတွေ စသဖြင့် လူမှုဘဝနယ်ပယ်ပေါင်းစုံမှာ ကလိမ်ကကျစ်လုပ်ထားမှုမှန်သမျှကို စုံစမ်း ဖော်ထုတ် ရေးသားတင်ပြကြရမယ့်တာဝန်ဟာ သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာတွေရဲ့ မူလတာဝန်ပဲဖြစ်ပါတယ်။