မတ်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားကျူးလွန်သော စစ်ရာဇဝတ်မှုများကြောင့် တော်လှန်ရေးအရှိန်အဟုန် ရပ်တန့်မသွားနိုင်ကြောင်း စစ်ကောင်စီကိုဆန့်ကျင်သော မွန်ပြည် နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လ(၂၇)ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာသို့ ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် နေအိမ်(၃၀၀)ဝန်းကျင် မီးလောင်ပြာကျခဲ့ရသည့် ဖြစ်စဥ်အပေါ် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက် ဖျက်ရေးအဖွဲ့(NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC တို့က မတ်လ(၂၈)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။
မတ်လ(၂၄)ရက်နေ့က မွန်တော်လှန်ရေးတပ်များနှင့်မဟာမိတ်အင်အားစုများ ပူးပေါင်း၍ ကော့ကရိတ် မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များ ပြည်သူလူထုအကူအညီမရရှိရန် ခြိမ်းခြောက်တိုက်ခိုက်ပြသည့် ထိုကဲ့သို့သော စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ကျူးလွန်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် တော်လှန်ရေးအရှိန်ကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်း MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်စိုင်းက ယခုလိုပြောသည်။
၎င်းက “စစ်ကောင်စီက ပြည်သူလူထုကိုခြိမ်းခြောက်တဲ့သဘောပါပဲ။ ရက်ရက်စက်စက်ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းအားဖြင့် ပြည်သူတွေက မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကို မကူညီ နိုင်အောင် ဒုက္ခအကြီးအကျယ်ရောက်သွားအောင် လုပ်တာပေါ့လေ။ ဒီလိုလုပ်ရပ်တွေက တော်လှန် ရေးကိုရပ်တန့်နိုင်မယ်တော့မထင်ပါဘူး။ ပိုပြီးတော့တောင် တော်လှန်ရေးကြီးထွားလာဖို့ပဲရှိတယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။
ထို့အပြင် ၁၉၄၈ ခုနှစ် မွန်၊ ကရင် တော်လှန်ရေးကာလအတွင်းကလည်း စစ်ကောင်စီက မွန်လူမျိုးများ နေထိုင်ရာကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းဖြင့် ပြည်သူ့တော်လှန်ရေး ရပ်တန့်သွားရန်ကြိုးပမ်းခဲ့သလို အလားတူလုပ်ရပ်များက စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေသော အင်အားစုများအကြား စုစည်းညီ ညွတ်မှုနှင့် ပြည်သူလူထု၏ပံ့ပိုးကူညီမှုကို ရရှိလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကော့ဘိန်းရွာရဲစခန်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် NMSP-AD ကလည်း တိုက်ပွဲရက်မှစ၍ အဆိုပါဒေသရှိ ဓမ္မသအပါအဝင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက် စသောကျေးရွာများအား စစ်ကောင်စီက နေ့စဥ် ရေကြောင်း၊ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူထုအသက် အိုးအိမ်များ ထိခိုက်နစ်နာရသည့်အပေါ် ၎င်းတို့အနေဖြင့်လည်း စစ်ကောင်စီကို အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသရွာမီးလောင်မှုသည် ယမန်နေ့ မတ်လ(၂၈)ရက်နေ့ ညပိုင်းအထိ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသလို စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းသုံး၍ ဆက်တိုက်ပစ်ခတ်နေသဖြင့် ဘေးလွတ်ရာတွင် ပုန်းအောင်နေထိုင်ရသည်ဟုလည်း ဒေသခံများက ပြောသည်။
“ဓမ္မသရွာမှာ မတ်လ(၂၈)ရက်နေ့ ညကိုးနာရီထိ မီးထပ်လောင်တယ် ဇာသပြင်၊ အိန္ဒုလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကနေ တစ်ညလုံးလက်နက်ကြီးနဲ့လှမ်းပစ်နေတာပါ။ သင်္ဘောပေါ်ကပစ်တဲ့အပြင် လေယာဥ်နဲ့လည်း တစ်ညလုံးဗုံးကြဲချတာပဲ တစ်ရွာလုံးနီးပါးမီးလောင်ကုန်ပြီ။ ရွာကတချို့လူ တွေကတော့ အနားကရွာတွေမှာရှောင်ကြတယ်။ တချို့ကတော့ ရွာထဲမှာရှိတဲ့ဂူ တွေထဲမှာရှောင်ကြတယ်” ဟု ရွာခံတစ်ဦးက ယနေ့တွင် ပြောသည်။
အဆိုပါ ကျေးရွာများကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရခြင်းအပြင် ဒေသခံ(၆၀၀၀)ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး သံဃာတော်များ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများကလည်း အရေးပေါ်အကူအညီရရှိရန် ကြိုးပမ်း ဆောင်ရွက် ပေးနေကြောင်း မွန်ပြည်နယ်တော်လှန်ရေးအဖွဲ့များနှင့် နယ်မြေသတင်းအရင်းအမြစ်များမှ သိရသည်။
ဆက်လက်၍ MSFC က ၎င်းတို့၏ထုတ်ပြန်ချက်အတွင်း ဓမ္မသရွာမီးလောင်နေစဥ် မီးသတ်ကားများ ဝင်ရောက်မီးငြိမ်းသတ်ခွင့်မပေးခဲ့သော စစ်ကောင်စီ၏လုပ်ရပ်ကို ရှုတ်ချထားပြီး စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီများပေးရန် နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အစည်းများကို တောင်းဆိုတိုက်တွန်းထားသည်။