Home သတင်း ပြည်နယ်စစ်ကောင်စီဝန်ထမ်းများ ခရီးသွားရာတွင် ဖမ်းဆီးမခံရရေး မှတ်ပုံတင်မှာအရပ်သားအသွင် အချက်အလက်ပြောင်းပြီး အသစ်လုပ်နေ

ပြည်နယ်စစ်ကောင်စီဝန်ထမ်းများ ခရီးသွားရာတွင် ဖမ်းဆီးမခံရရေး မှတ်ပုံတင်မှာအရပ်သားအသွင် အချက်အလက်ပြောင်းပြီး အသစ်လုပ်နေ

167

မတ်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ ခရီးသွားလာရာတွင် တော်လှန်သည့်အဖွဲ့များ၏ ဖမ်းဆီးမခံရရေးအတွက် မှတ်ပုံတင်အချက်အလက်နေရာတွင် သာမန်အရပ်သား မှတ်ပုံတင်အ သစ်ပြောင်းလဲပြုလုပ်မှုများ လုပ်ဆောင်နေကြောင်း နီးစပ်သူများက ပြောသည်။

ပြည်နယ်အတွင်း ဝန်ထမ်းများ ခရီးသွားလာရာတွင် စစ်အာဏာရှင် ဆန်ကျင့်တော်လှန်သည့် အဖွဲ့များ မှတ်ပုံတင်စစ်ဆေးပါက ဖမ်းဆီးမခံရရေးအတွက် မူလမှတ်ပုံတင်အချက်အလက်နေရာတွင် ဖြည့်သွင်းထားသည့် ဝန်ထမ်းရာထူးတာဝန်အဆင့်များကို အရပ်သား၊ ကျဘမ်းအလုပ်သမားအဖြစ် အချက်အလက်ပြောင်းပြီး အသစ်လုပ်ပေးနေသည်ဟု လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

“အလုပ်အကိုင်နေရာမှာ အရင်ကလို ဝန်ထမ်းမဟုတ်တော့ဘဲ အခုအရပ်သား၊ ကျဘမ်းလုပ်သား၊ မှီခို အဲ့လိုဟာတွေ ပြောင်းထည့်ပြီး မှတ်ပုံတင်အသစ် လုပ်ကြတာပေါ့၊ လမ်းမှာ PDF တို့၊ ကရင်အဖွဲ့တို့ စစ်တာဆေးတာဆို သူတို့ အဖမ်းမခံရအောင် မှတ်ပုံတင်ပြောင်း လုပ်တာတွေ နေ့တိုင်း လုပ် ပေးနေရ တယ်” ဟု ဖားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်းတွင် ဖားအံ၊ လှိုင်းဘွဲ မြို့နယ်နှစ်ခုသာ စစ်ကောင်စီထိန်းချုပ်မှု ရှိနေသည့်အတွက် ကျန်မြို့နယ် ၅ ခုက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အရပ်သား အသွင်ဖြင့် အလုပ်လုပ်ကိုင် နေကြရပြီး ဌာနဆိုင်ရာ အရာရှိအများစုမှာ ပြည်နယ်မြို့ ဖားအံရှိ ပြည်နယ်ရုံး ဌာနများ တွင်သာ တွဲဘက်တာဝန်အဖြစ် လာရောက်တာဝန်ထမ်းဆောင်နေကြရကြောင်း သိရှိရသည်။

စစ်ကောင်စီဌာနဆိုင်ရာ အောက်ခြေဝန်ထမ်း မိသားစုဝင်တစ်ဦးက “စစ်အုပ်ချုပ်ရးအောက်က ဌာနဆိုင်ရာတွေက ရုံးတို့လိုင်းခန်းတို့မနေရဲကြဘူး၊ စစ်တပ်လုံခြုံရေးရှိတဲ့ စခန်းမှာနေပြီး နယ်မြေထဲက သတင်းပေးနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေရတယ်။ တချို့ကျတော့လည်း ရပ်ကွက်ထဲ အိမ်ငှားနေပြီး အဲ့ဒီကနေ အလုပ်လုပ် သတင်းပို့တာ မျိုးလောက်ပဲရှိတယ်။ ဦးစီးမှူးတို့ အရာရှိတို့ဆိုရင် ဖားအံပြည်နယ် ရုံးနဲ့တွဲဘက်သွားပြီး ရုံးတက်နေကြတယ်၊ တာဝန်ကျနေတဲ့ မြို့နေရာမှာ မရှိကြဘူး။” ဟု ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF တပ်များက စစ်ကောင်စီတပ်များအား တိုက်ခိုက် ရှင်းလင်းနေသည့် တိုက်ပွဲများအနေဖြင့် ယနေ့ မတ်လ ၂၉ ရက်အထိ ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ မြဝတီ၊ ဝေါလေ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ သံတောင်မြို့ နှင့် ဖာပွန်မြို့ဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။