Home သတင်း တောင်ငူ-လိပ်သိုလမ်းခွဲရှိ ငွေတောင်ကလေးရွာအတွင်း စစ်တပ် ဝင်ရောက်၍ အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံ

တောင်ငူ-လိပ်သိုလမ်းခွဲရှိ ငွေတောင်ကလေးရွာအတွင်း စစ်တပ် ဝင်ရောက်၍ အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံ

924
Photo: CJ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ-လိပ်သိုလမ်းခွဲရှိ ငွေတောင်ကလေးရွာသို့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက အင်အား ရာချီရှိသော စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး အိမ်ထောင်စု စာရင်းလိုက်လံကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်အတည်ပြုလိုက်သော စစ်မှုထမ်းဥပဒေနောက်ပိုင်းတွင် နိုင်ငံ၏မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက်အချို့တို့တွင် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေပြီး စစ်သင်တန်းတက်ရန် ပြင်ဆင်ဆောင်ရွက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူလူထုမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။

ယမန်နေ့က ငွေတောင်ကလေးရွာသို့ တပ်သားအင်အား (၁၀၀) ဝန်းကျင်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံမှုကြောင့် ရွာရှိဒေသခံများ ထိတ်လန့်နေရသလို လူငယ်အများစုမှာ ယာယီရှောင်တိမ်းနေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “အိမ်ထောင်စုစာရင်း လိုက်ကောက်တာ လူငယ်တွေကကြောက်လို့ ခြံတွေထဲပြေးကြ တာများတယ်။ စစ်တပ်က လူတော့မတောင်းဘူး။ အိမ်မှာရှိနေတဲ့သူတွေနဲ့ အိမ်ထောင်စုစာရင်းနဲ့ တိုင်းကြတာ စာရင်းထဲက နာမည်တွေ အိမ်မှာလူမရှိရင် ဘယ်မှာအလုပ်သွားလုပ်တာလဲတို့ ဘယ်သွား တာလဲတို့ ကို မှတ်သွားတယ်” ဟု အဆိုပါ ဒေသခံက ကေအိုင်စီသို့ ပြောသည်။

သံတောင်ကြီးမြို့နယ်အတွင်း စစ်တပ်က အသက်သွင်းလိုက်သော အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ရန်ရည်ရွယ်၍ ယခင်က အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံကောက် ခံခြင်းမရှိခဲ့သော်လည်း ကောလာဟလများကြောင့် လူငယ်အများစု ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း “ငွေတောင်ကလေးမှာ စစ်တပ်အဝင်အထွက်ရှိတယ် ။ ရွာက ကတ္တရာလမ်းကြောင်းပေါ်တင်ရှိတာ အရင်ကတော့ ငွေတောင်ဘက်မှာရော အခြားရွာတွေမှာရော အဲ့လိုဝင်ကောက်တာ မကြားမိဘူး။ ပြည်သူ့စစ်အသွင်ပြောင်းပုံစံနဲ့လိုက်စည်းရုံးတာတော့ ရှိတယ်။ လူငယ်တွေကတော့ ဟိုကြားဒီကြားတော့ ပြေးနေကြတာ။ ဖြစ်မဖြစ်ကတော့ မသိဘူးပေါ့” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်း နိုင်ငံအတွင်းရှိ လူငယ်အများစုမှာ စစ်တပ်က အတင်းအကြပ်စစ်မှုထမ်းခိုင်းခြင်းအပြင် ပုံစံ အမျိုးမျိုးဖြင့် လူအင်အားစုဆောင်းခြင်းတို့ လုပ်ဆောင်လာနေသဖြင့် ယာယီရှောင်တိမ်းခြင်းသာမက တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များထံ ခိုလှုံခြင်းနှင့် ပြည်ပသို့ နည်းမျိးစုံဖြင့် ထွက်ခွာနေကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့်လည်း နယ်မြေအတွင်း တိမ်းရှောင်လာသူ လူငယ်များအား နေရာချထားပေးရန် အစီအစဥ်ရှိသော်လည်း လူငယ်များအနေဖြင့် အင်တာနက် ဖုန်းဆက်သွယ်ရေးကို သတိထားဆောင်ရွက်၍ စိတ်ရှည်သည်းခံမှုရှိပြီးမှ တိမ်းရှောင်မှုကိစ္စဆောင်ရွက်သင့်ကြောင်း ကေအိုင်စီသို့ ပြောဆိုထားသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အချို့မှ စစ်တပ်စစ်ဆေးရေးဂိတ်များတွင် စစ်မှုထမ်း ဥပဒေအတည်ပြုပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ခရီးသွားလာသူပြည်သူများနှင့် ကားသမားများထံမှ အိမ်ထောင်စုစာရင်း(မိတ္တူ/မူရင်း) တောင်းခံစစ်ဆေးခြင်းတို့လုပ်ဆောင်နေကြကြောင်း ခရီးသွားလာသူဒေသခံများက ပြောသည်။