ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်ခရိုင်)၊ တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်ပြားပြီးနောက် ယခုအုပ်ချုပ်ရေးယန္တရားပြောင်းရွှေ့လည်ပတ်လာသည့် ကမမောင်းမြို့တွင် စစ်ကောင်စီဘက်က ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးချဲ့လုပ်ဆောင်လာလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။
ဖာပွန်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သည့် ဝန်ထမ်းများမြို့တွင်းမှ ထွက်ခွာပေးရန် ကေအဲန်ယူ မူတြော်ခရိုင်ဘက်မှ အမိန့်စာ နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီးနောက်တွင် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားသွားကာ ကမမောင်းမြို့ဘက်တွင် မြို့နယ်အဆင့်အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်မှုလုပ် ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကမမောင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်လည် ပတ်လာသည့်တပြိုင်နက် ဝန်ထမ်းအိမ်ရာများ၊ ဆေးရုံအဆောက်အဦးများ တိုးချဲ့ဆောက်လုပ်မှုများ လုပ်ဆောင်နေကြောင်း၊ ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးက ယခုရက်ပိုင်းတွင် ကွင်းဆင်းစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင် မီဒီယာများတွင် သတင်း ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီဌာနဆိုင်ရာရုံးများ တိုးချဲ့ဆောက်လုပ်မှုအပြင် ဖာပွန်-ကမမောင်း၊ ဝါးဘိုးတောလမ်းပိုင်းကိုလည်း ကွန်ကရစ်လမ်းချဲ့ထွင်ခြင်း လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်းလည်း စစ်ကောင်စီ ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။
ဒေသခံတစ်ဦးက “ ကမမောင်းအလွန် နည်းနည်းတွေမှာပဲ လမ်းပြုပြင်ချဲ့တာ။ ပြီးတော့ မြို့တွင်း ထဲကအုန်းတောနဲ့ဆက်တဲ့လမ်းတွေပေါ့။ ကျန်တဲ့ကမမောင်- ဝါဘိုးတောလမ်းက လက်နက်ကြီးနေ့ တိုင်းကြားတော့ လမ်းကဘယ်လိုလုပ် တိုးချဲ့နိုင်မလဲ။ သူတို့ကိုယ်တိုင်ကလည်း လာပြီး ဖြတ်မသွားရဲဘူး။ အခုဆိုရင် အုန်းတော-မြိုင်ကြီးငူ-ရွှေဂွန်းလမ်းကပဲ သူတို့အသုံးပြုရဲတယ်။ ဒေသခံတွေကလည်း အဲဒီလမ်းပဲအသုံးပြုကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဒေသတွင်းရှိ ဒေသခံအရပ်သားပြည်သူများသည် ကမမောင်း-အုန်းတောလမ်း အပြင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များ၏ ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းမှုအတွက် အဓိက အသုံးပြုသည့် လမ်းကြောင်းကိုလည်း သွားလာအသုံးပြုလျက်ရှိသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
အလားတူ မြိုင်ကြီးငူ-ကမ်းနီ-ရွှေဂွန်းလမ်းပိုင်းကိုလည်း စစ်ကောင်စီဘက်မှ လမ်းတံတား တိုးချဲ့ ဆောက်လုပ်မှုများ လုပ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။
၂၀၂၁ခုနှစ်မှစတင်၍ ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်ရှိ ကျန်းမာရေး၊ ပညာရေးနှင့် အခြားဌာနဆိုင်ရာ လုပ်ငန်းစဉ်များ လည်ပတ်နိုင်ခြင်းမရှိတော့သလို စစ်ကောင်စီ၏ ဝန်ထမ်းများ အားလုံး ကလည်း ဖာပွန်မြို့မှ ထွက်ခွာပေးရန် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကေအဲန်ယူ တပ်မဟာ(၅)ဘက်မှ အမိန့်စာထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများသည် ကမမောင်းမြို့တွင် ပြန်လည် ပြောင်းရွှေ့ကာ ဌာနဆိုင်ရာရုံးနှင့် မြို့အုပ်ချုပ်ရေးရုံးများကိုလည်း ကမမောင်းမြို့တွင် ပြန်လည် လည်ပတ်နေမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)၊ မူတြော်ခရိုင်ဘက်ကလည်း ပြောသည်။
လက်ရှိ ကမမောင်းမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF များက လုံခြုံရေးယူထားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။



















