Home သတင်း ညအချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်များ မီးဆက်လက်လောင်ကျွမ်းဆဲ

ညအချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်များ မီးဆက်လက်လောင်ကျွမ်းဆဲ

156
Photo: CJ

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့တွင်း တံတားဦးရပ်ကွက် အစ္စလမ်ဗလီကြီး အနီးနေအိမ်များကို ယမန်နေ့ညပိုင်းမှစ၍ ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့နံနက်ပိုင်းအထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း စစ်ရှောင်နေရသူ ကော့ကရိတ်မြို့ခံထံမှ သိရသည်။

ယမန်နေ့ညအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များက မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့ နံနက်ပိုင်းအချိန်ထိ ဒေသခံနေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ထီးဖိုးစံကျေးရွာဘက် စစ်ရှောင်နေရသူ ကော့ကရိတ်မြို့ခံက ပြောသည်။

၎င်းက “ညတုန်းက တိုက်ပွဲဖြစ်နေတာတော့ မရှိဘူး၊ တံတားဦး ရပ်ကွက် ဗလီကြီးနားက အိမ်တွေ မီးရှို့ တာမှာ အခုမနက်အထိ မီး‌‌‌‌လောင်နေတုန်းပဲ။ ဘယ်သူမှ မီးသတ်မယ့်သူမရှိတာ့ လောင်နေတာ မီးသွား ငြိမ်းရင် စစ်တပ်ရဲ့ ပစ်တာခံရမှာဆိုတော့ ဆက်လောင်နေတုန်းပဲ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်ခံထားရတော့ ဆက်သွယ်မရဘူး။ ရတစ်ချက် မရတစ်ချက်ပဲ ”ဟု ကော့ကရိတ် မြို့ခံ တစ်ဦး က ပြောသည်။

နှစ်လနီးပါးကြာဖြစ်ပွားသည့် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံ လူ ၂၀ ကျော် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ရပ်ကွက်‌နေအိမ် အလုံးပေါင်း ၃၀၀ ကျော် စစ်တပ်မီးရှို့မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံနေအိမ် အဆောက်အဦးများ ပျက်စီးမှု နေ့စဉ် မြင့်တက် လာနေကြောင်း ဒေသခံများက ပြောသည်။

Photo: CJ

လက်ရှိတွင် ကော့ကရိတ်မြို့တွင်း ခြေလျင်တပ်ရင်း-ခလရ ၉၇ ကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက်နေသလို စစ်ကူလာသည့် စစ်ကြောင်း များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများဆက်ရှိနေကြာင်း စစ်ရေးနယ်မြေ သတင်းအရင်း အမြစ်များ ပြောစကားအရ သိရသည်။

“စစ်တပ်က အခုကားနဲ့ စစ်ကူမလာဘူး၊ ဖားအံနဲ့ မော်လမြိုင်ကနေ ကျုံဒိုး ၅၄၅/၅၄၆ တပ်ကို လာ တယ်။ အဲ့ဒီကနေ ချောင်းဖျား၊ ကျုံဘိုင်းကျေးရွာတွေဘက်ကနေ နဘူး၊ မြပတိုင်လမ်းက ရင်ကွဲတောင် ကြောဘက်ကနေ ကော့ကရိတ်ရေလယ်ကုန်းရွာကို လမ်းလျှောက်စစ်ကြာင်းနဲ့ လာပြီးမြို့ထဲကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ ဝင်လာနေတယ်။ အခုတော့ ကြာဖြတ်တိုက် ခိုက်တာတွေ ရှိနေတယ်”ဟု စစ်ရေး နယ်‌မြေ သတင်းအရင်း အမြစ်က ပြောသည်။

အဆိုပါ ကော့ကရိတ် /ကျုံဒိုး ဒေသအတွင်း စစ်တပ်နှင့် KNLA ပူပေါင်းတပ်များ ၉ တိုင်၊ ၅ တိုင်၊ ၇ တိုင် ကျေးရွာလမ်းပိုင်းတွင် စစ်ရေးတင်းမာမှုဆက်ရှိနေပြီး ဂျိုင်းတံတား နှင့် ကျုံဒိုးမြို့နယ်အတွင်းရှိ စစ်တပ် နေရာများတွင် မြဝတီ၊ ကော့ကရိတ်ဒေသဘက်ကို လက်နက်ခဲယမ်းနှင့် စစ်ကူပို့ဆောင်ရန် စစ်တပ်က အင်အားများဖြန့်ကျက်နေရာယူထားကြာင်း စစ်တပ်မိသားစုဝင်များ နှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။