Home သတင်း မောင်းမကန် ရဲစခန်းကို ဗုံးသီးအလုံး ၄၀ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း LLPDF ထုတ်ပြန်

မောင်းမကန် ရဲစခန်းကို ဗုံးသီးအလုံး ၄၀ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း LLPDF ထုတ်ပြန်

613
Photo- LLPDF

ဖေဖော်ဝါရီလ ၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဗုံးသီးအလုံး (၄၀)ကျော်ဖြင့်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး(LLPDF)က ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မောင်းမကန်ရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဇုန်-(၁)၊ ရွှေသောင်ယံ တပ်စုနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့တို့မှပူးပေါင်းကာ (၈၁)မမ စိန်ပြောင်းဖြင့် ဗုံးသီး(၆)လုံး၊ (၄၀)မမ၊ (၇၉)ဗုံးသီး(၄၂)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “လောင်းလုံးမှာလက်ရှိအခြေနေက စစ်ပူနေတဲ့အနေအထားမှာရှိတယ်။ စစ်တပ်ဘက်က ထိခိုက်မှု တွေရှိတယ်။ ထိခိုက်မှုအခြေနေတွေကိုကတော့ ဖရဲသီးတွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ အတည်ပြုနိုင်တာပါ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် မောင်းမကန် နယ်မြေ ရဲစခန်းအတွင်းရှိ အဆောက်အအုံ(၁)လုံး မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂)ဦးပြင်း ထန်ဒဏ်ရာရရှိကာ တစ်ဦးမှာ ခြေထောက်ပြတ်သွားကြောင်း ၎င်းတာဝန်ခံက ဆက်ပြောသည်။

လက်ရှိတွင်လည်း အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ထားဝယ်-မောင်းမကန် လမ်းပိုင်း တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိနေပြီး ဒေသခံပြည်သူများအား စစ်ဆေးတင်းကြပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။