Home သတင်း မိသားစုဝင်စာရင်းများကောက်ယူနေ၍ စစ်သားစုဆောင်းခံရမည်ကို စကစ အုပ်ချုပ်ရေးအဖွဲ့များ စိုးရိမ်နေ

မိသားစုဝင်စာရင်းများကောက်ယူနေ၍ စစ်သားစုဆောင်းခံရမည်ကို စကစ အုပ်ချုပ်ရေးအဖွဲ့များ စိုးရိမ်နေ

694

ဖေဖော်ဝါရီလ ၂၄ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၏ မိသားစုဝင်စားရင်းများကို စစ်ကောင် စီက ကောက်ခံနေသောကြောင့် စစ်မှုထမ်းဥပဒေ အကျုံးဝင်နေသည့် ၎င်းတို့၏သားသမီးများ တပ်သားသစ် စုဆောင်းခံရမည်ကို စိုးရိမ်နေကြကြောင်း အုပ်ချုပ်ရေးမှူးမိသားစုနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

လတ်တလော ဖားအံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးရုံးများ၊စာသင်ကျောင်းများ တွင် ဝါဒဖြန့်ဟောပြောနေသလို ရပ်ကွက် နှင့် ကျေးနယ်ရှိ အုပ်ချုပ်ရေးမှူးအဖွဲ့များ၏ မိသားစုဝင်စာရင်းများကို ကနဦး ကောက်ယူနေသည့်အတွက် ယခုလို စိုးရိမ်နေကြခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး မိသားစုများနှင့် နီးစပ် သည့် အမှတ် (၉) ရပ်ကွက်နေ့ သတင်းအရင်းအမြစ် တစ်ဦးက ယခုလို ပြောသည်။

“ဖားအံရပ်ကွက်တွေက အုပ်ကြီးတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ လမ်းမှူးတွေရဲ့ သားသမီး စာရင်းတွေကောက် နေပြီး။ စစ်သင်တန်း ထည့်ဖို့ကောက်တာမှာ သူတို့သားသမီး စစ်ထဲမပါဖို့ အရံမီးသတ်တို့ ရပ်ကွက်ထဲက အလုပ် လက်မဲ့နေတဲ့ သူတို့ကို စာရင်းထည့်ဖိုလုပ်ကြတယ်။ သူတို့သားသမီးတွေကို မထည့်ဘူး။ သူတို့မိသားစုထဲမှာ သားသမီးစစ်တပ်ထဲ မပါဖို့ ပြဿနာတွေဖြစ် ရန်တွေဖြစ်နေတာတွေ ကြားနေ မြင်နေရတယ်။ အခုမှ အုပ်ကြီး တို့ လမ်းမှူးကနေ ထွက်မယ်ပြော၊ မလုပ်တော့ဘူး ပြောလို့မရတော့ဘူးဆိုတော့ သူတို့တွေ အခက်တွေ့နေကြပြီး” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ဖားအံမြို့နယ်အတွင်း စစ်တပ်ထောက်ခံသည့် ကျေးရွာများတွင် အိမ်ထောင်စုစာရင်း၊ စစ်မှုထမ်း အသက်အရွယ်ရှိသူ စာရင်းများ ကောက်ခံနေသလို နယ်ခြားစောင့်တပ်-BGF နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တာဝန်ရှိသူအချို့မှလည်း စာရင်းကောက်ယူမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“အခုက သားသမီးရှိတဲ့သူတွေ ကလေးတွေကို တောင်ပေါ်(ထိုင်း)ပို့ကုန်ပြီး။ စစ်တပ်ကလည်း စာရင်းကာက်၊ BGF က လည်းလူစုခိုင်း၊ KNU ကလည်း လူပေးဖို့ ပြောနဲ့ဆိုတော့ ကိုယ့်ကလေးကို သူတို့ စစ်သားလုပ်ခိုင်း ချင်ကြတာမျိုး ဖြစ်နေတယ်။” ဟု မိဇံကျွန်းကျေးရွာ ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ယခုလို လူစာရင်းကောက်ယူမှုများနှင့် လူသစ် စုဆောင်းမှုများလုပ်ဆောင်လာခြင်းကြောင့် ဒေသခံ တချို့မှာ ငွေကြေးပေး၍ ဖြေရှင်းရန် ကြိုးပမ်းကြသလို ဒေသတွင်း ဩဇာရှိသည့် ဘုန်ကြီးများ နှင့် ကရင်နိုင်ငံရေးပါတီ တာဝန်ရှိသူ များမှတဆင့် တပ်သားသစ် မစုဆောင်းခံရရေးအတွက် ပြောဆိုညှိနှိုင်းနေကြကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်လက်‌အောက်က ခွဲထွက်ရန်ပြောဆိုထားသည့် BGF တပ်ဖွဲ့များ နှင့် ညှိနှိုင်းမှု အဆင်မပြေသေးသောကြောင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားလာနိုင်၍ စစ်ကောင်စီ ဘက်မှ မြို့တွင်း လုံခြုံ ရေးအင်အား တိုးမြှင့်ချထားနေပြီး မြို့တွင်း၌လည်း သံချပ်ကာယာဉ်များ ဖြန့်ကျဲ့ထားကြောင်း ဖားအံ မြို့ခံများ ကဆိုသည်။

ကရင်ပြည်နယ်အတွင်း ဖားအံ နှင့် လှိုင်းဘွဲမြို့နယ်ကလွဲ၍ ကျန်မြိုနယ် (၅)ခုတွင် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ပူးပါင်းတပ်များ နှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက်စစ်ရေးတင်းမာနေသလို ပြောက်ကြားတိုက်ခိုက်မှုများလည်းနေ့စဉ် ဖြစ်ပွား လျက်ရှိသည်။

အလားတူ စစ်ကောင်စီဘက်ကလည်း ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်း နှင့် စစ်ကူ အင်အား အများ အပြား ကို ဖားအံမြို့ ရှိ တပ်မ (၂၂) တပ်ဝန်းမှတစ်ဆင့် ဖြန့်ကျက်ပို့ဆောင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်း အရင်းအမြစ်များကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုလ (၁၀) နေ့က အတည်ပြုထုတ်ပြန်လိုက်ပြီး ညွန်ကြားချက်များ ဆက်လက် ထုတ်ပြန်ထားသောကြောင့် ကရင်ပြည်နယ်အတွင်းရှိ လူငယ်အများအပြား နယ်စပ်ဖြတ်ကျော်၍ တစ်ဖက် ထိုင်း နိုင်ငံထဲသို့ ပုံစံမျိုးစုံဖြင့် နေ့စဉ် ရာနှင့်ချီ၍ ဝင်ရောက်နေကြောင်းလည်း နယ်စပ်ဂိတ်လမ်းကြောင်းရှိ သတင်း အရင်း အမြစ်များထံမှ သိရသည်။