Home သတင်း ထားဝယ်တွင်နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်၍ ထောင်နှင့်ချီသည့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ

ထားဝယ်တွင်နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်၍ ထောင်နှင့်ချီသည့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ

679
Photo-CJ

ဖေဖော်ဝါရီလ၂၄ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေ၍ ထောင်နှင့်ချီ သည့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း အရှေ့တောနယ်ဒေသရှိ ဒေသခံများပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ကစတင်ပြီး ထားဝယ်အရှေ့ တောနယ် ဒေသအတွင်းသို့ တပ်ဖွဲ့ အင်အား (၃၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့ဝင်တို့ နေစဉ် တိုက်ပွဲများ ဖြစ်ပွားနေသော ကြောင့် ဒေသခံများ ယခုလို တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း အရှေ့တောနယ်ဒေသရှိ အမည်မဖော်လိုသူ ဒေသ ခံတစ်ဦးက ပြောသည်။

“ဒီနေ့အထိ ရွာတွေကိုပြန်လို့မရသေးဘူး။ လေယာဉ်နဲ့ဘယ်ချိန်ပြန်လာပစ်မလဲ မသိနိုင်သေးလို့ပါ။ အရှေ့ တောနယ်က ရွာမှန်သမျှ ရွာလုံးကျွတ်ကြီးဘဲ ပြေးလာကြတာ။ အရှေ့တောနယ်မှာ လေယာဉ်နဲ့ပစ်တာ ဒါပထမ ဆုံးဘဲ ဆိုတော့ ရွာသားတွေက လေယာဉ်လာရင် ဘာတွေကြိုတင်ကာကွယ်ထားရမလဲဆိုတာ မသိတော့ ပို ကြောက်ကြတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် ဝကုန်းရွာ၊ သင်္ကန်းတုန်းရွာ၊ ကျောက်မဲတောင်ရွာ၊ ဘဝပင်ရွာ၊ လိပ်ကြယ် ပြောင်ရွာ၊ သရက်ငုတ်ရွာနှင့် ပခပ်ရွာ အပါအဝင် ကျေးရွာပေါင်း (၁၀) ရွာမှ ဒေသခံစုစုပေါင်း (၃,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်များအနေဖြင့် လတ်တလောတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသ အတွင်းရှိ ဥယျာဉ်ခြံများနှင့် တောတောင်များထဲတွင် တိမ်းရှောင်နေရသောကြောင့် နေရာထိုင်ခင်း လိုအပ်ချက် ကြီးကြီးမားမားရှိနေပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိနေကြောင်း ဝကုန်းဒေသခံ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

“ရှောင်နေရတာတော့ တစ်ပတ်ကျော်လာတဲ့ အနေအထားမှာရှိပြီးဆိုတော့ လိုအပ်ချက်တွေရှိလာပြီး။ တချို့ရွာ တွေက လေယာဉ်လာမှ ရှောင်ရတာမျိုးဆိုတော့ ရုတ်တရက် ထွက်လာကြတယ်။ အခုချိန်ထိ တိုက်ပွဲတွေ ဖြစ် နေတုန်းဘဲလေး။ ဘာမှမပါလာဘူး။ တောထဲမှာက ညဘက်နဲ့ မနက်ဘက်တွေ တအားအေးတယ်။ အမိုးအကာ တွေ အိမ်သာသွားတဲ့ အခက်အခဲတွေ ရှိလာပြီး။”ဟု ကေအိုင်စီ သို့ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် FE5 Tanintharyi ၏ဖော်ပြချက် အရ အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စုစု ပေါင်း (၄၄,၀၀၀) ကျော် ရှိနေပြီးဖြစ်ကြောင်း သိရသည်။

လတ်တလော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ခန့်မှန်း ခြေ(၃၀) ကျော်သေဆုံးခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်းခံရကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။