Home သတင်း တနင်္သာရီမြို့နယ်တွင် အမြန်ရေယာဉ်များ ရပ်နားထားရသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ

တနင်္သာရီမြို့နယ်တွင် အမြန်ရေယာဉ်များ ရပ်နားထားရသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ

577
Photo: Original Uploader

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှတစ်ဆင့် မြိတ်မြို့သို့ ခရီးသည်များ တင်ဆောင်သွားလာနေသည့် အမြန်ရေယာဉ်များ ရပ်နားထားရသောကြောင့် မြို့နယ် အတွင်းရှိကျေးရွာဒေသခံများအတွက် လမ်းခရီးသွားလာ ရာတွင် အခက်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်? ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစတင်ပြီ အမြန်ရေယာဉ် ရေကြောင်း သွားလာမှုကို ရပ်နား ထားခဲ့သောကြောင့် ရေလမ်းကို အဓိကထား အသုံးပြုသွားလာနေရသည့် ဒေသခံများအနေဖြင့် ခရီးသွားလာရာတွင် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း မြိတ်မြို့နေဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ပိတ်ထားတာကတော့ နှစ်လနီးပါးရှိပြီး။ မြိတ်ယောကြီးဝဆိပ်ခံတံတားမှာ အဲဒီအမြန်ရေယာဉ်ပေါ် ဘိန်းစာမှုန့်တချို့ ဖမ်းဆီးမိကတည်းက မဖြစ်တော့တာ။ အဲ့လိုဆိုတော့ လမ်းခရီးသွားရတာ ကုန်ကျ စရိတ်များတယ်။ ပြီးတော့ တချို့နေရာတွေက ကုန်းလမ်း မပေါက်ဘူးလေ။” ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ လယ်သစ်ရွာသည် ကားဖြင့်သွားလာမရဘဲ ရေလမ်းကြောင်းကို အဓိက သွားလာရပြီး အမြန်ရေယာဉ်မပြေးဆွဲတော့သောကြောင့် သွားလာလိုပါက တနင်္သာရီမြစ်တဖက်ရှိ ဇဝဲရွာနှင့် ဆင်ဒင်ရွာသို့ လှေဖြင့် ကူးပြီးမှသာ မြိတ်မြို့သို့ ကားဖြင့်သွားနေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြိတ်မြို့သို့သွားသည့် ကားလမ်းမတစ်လျှောက်တွင်လည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ် များစွာရှိ နေပြီး စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် လမ်းခရီး သွားလာရာတွင် အချိန်နှောင့်နှေးကြန့်ကြာခြင်း နှင့် ကုန်ကျစရိတ် ပိုများကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

၎င်းက “ကုန်းလမ်းကသွားရင် ကုန်ကျစရိတ်များတယ်။ အစစ်အဆေးတွေလည်း တင်းကြပ်လာတယ်ဆိုတော့ ကိုယ်သွားချင်တဲ့ နေရာကိုမရောက်တော့ဘူး။ ပြီးတော့ ရွာတွေဘက်မှာက စားသောက်စရာ တွေမရှိတော့ မြို့တက် ဝယ်ရတယ်။ ခရီးစရိတ်လည်း ပိုပြီးတော့ပေးရတယ်။ ဂိတ်ကြေးတွေလည်း ပေးရတယ်။ အဲ့လိုတွေတော့ ရှိတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၁ရက်နေ့ကလည်း မြိတ်မြို့နယ်အတွင်းရှိ Sea View ကွန်ဒိုအနောက် လမ်းရှိ အမှိုက်ကန်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၎င်းအနီးသို့ ဆိုင်ကယ်နှင့် ဖြတ်သွားသည့် အမျိုးသား တစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သောကြောင့် မြိတ်မြို့ကမ်းနားလမ်းတွင် ညဘက်လမ်းသွားလမ်းလာများ မရှိသလောက်ဖြစ်သွားပြီး စျေးဆိုင်ဖွင့်လှစ်သူများလည်းနည်းလာသည်ဟု မြိတ်မြို့သခံများထံမှသိရသည်။