Home သတင်း ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့ အဝင်အထွက်ကို PNLA ပိတ်ပင်ထားဆဲ

ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့ အဝင်အထွက်ကို PNLA ပိတ်ပင်ထားဆဲ

715
Photo- PNLA

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထိန်းချုပ်နယ်မြေ၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းသုံးတိုက်ခိုက်မှုများ ဖြစ်ပွား နေသောကြောင့် ဇန်နဝါရီလကုန်ပိုင်းမှစ၍ PNLO ၏ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA ဘက်က မြို့အဝင်အထွက်ကို ပိတ်ပင်ထားသည်မှာ ယနေ့အပါအဝင် တစ်ပတ်နီးပါးရှိ လာပြီဖြစ်ကြောင်း နယ်ခံများက ပြောသည်။

ဇန်နဝါရီလ (၂၀)ရက်နေ့က ဟိုပုန်းမြို့နယ်အတွင်း PNLA နှင့် စစ်ကောင်စီတို့အကြား ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဆီဆိုင်မြို့အခြေစိုက် PNLO ရုံးအား လေယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာမှ အစပြု၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် စစ်ကောင်စီမှ မြို့အတွင်းသို့ ဆက်တိုက်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သဖြင့် PNLO/PNLA တပ်များက တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ မြို့ပေါ်ရှိရဲစခန်း၊ တပ်စခန်းများအား တိုက်ခိုက် ခဲ့ပြီး ဇန်နဝါရီလ(၂၈)ရက်နေ့မှစ၍ ဆီဆိုင်မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း PNLA ဘက်က ကြေညာခဲ့သည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသော ဒေသခံများအား PNLA က ဇန်နဝါရီလကုန်ပိုင်းတွင် မြို့အတွင်း နေအိမ်ပြန်ပစ္စည်းသယ်ဆောင်ခွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ၎င်းတို့စခန်းများအားပြန်လည်သိမ်းယူနိုင်ရန် မြို့အတွင်းပစ်ခတ်တိုက်ခိုက်မှုများရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မြို့တွင်းမှာတိုက်ပွဲတွေဖြစ်နေတော့ မြို့အဝင်အထွက်ကိုပိတ်ထားတယ်။ လကုန်ပိုင်း လောက် ကတော့ မြို့ကိုပစ္စည်းပြန်သယ်ခွင့် ၃ ရက်ပေးတယ်။ အဲဒီနောက်ပိုင်း ပိတ်လိုက်တာ။ မြို့ထဲ အခြေအနေ ကတော့ တိုက်ပွဲတွေနေရာအနှံ့ဖြစ်နေတယ်လို့ ကြားတာပဲ။ ကျနော်တို့ပြန်သယ်တဲ့ရက်က အရေးကြီး တဲ့ပစ္စည်းတွေလောက်ပဲ သယ်နိုင်တယ်။ ကားလမ်းရှားတယ်။ သူသယ်ကိုယ်သယ် ဆိုတော့လေ။” ဟု ကေအိုင်စီသို့ ပြောသည်။

ဆီဆိုင်မြို့လမ်းမကြီးမှ ဖြတ်သန်းသွားလာရန်အတွက် လုံခြုံရေးစိတ်မချရသည့်အပြင် ပစ္စည်းပြန်သယ် သော တံတားများကျိုးကျကုန်သည့်အတွက် မြို့ထဲဝင်ရန် အဆင်မပြေတော့ကြောင်း ဒေသခံများက ပြောသည်။

ထိုဒေသခံက ဆက်လက်၍ “တောင်ကြီးဘက် မိန်းလမ်းကသွားရင် စစ်တပ်ကိုဖြတ်သွားရမှာဆိုတော့ ဘယ်သူမှ ဖြတ်မသွားရဲကြဘူး။ ခြံသွားလမ်းတွေကနေ မြို့ထဲအဝင်အထွက်လုပ်ဖို့ကျတော့လည်း တံတားတွေကမခိုင်ဘူး။ တံတားကြီးတစ်စင်းနဲ့တံတားငယ်တစ်စင်း ကျိုးသွားတယ်။ ကားကြီးဝိတ် များသွားလို့ ကျိုးသွားတာ။ ဝိန်းကောင်ကွန်ကရစ်တံတားပဲကျန်တော့တယ်။ အဲဒီမှာလည်း တော်လှန်ရေးတပ်တွေရှိတယ်။ သူတို့ကမြို့ထဲပေးမဝင်ဘူး။” ဟု ပြောသည်။

ဆီဆိုင်မြို့ခံများ နေရပ်စွန့်ခွာထွက်ပြေးကြသော်လည်း မြို့အတွင်းကျန်ရှိသည့်နေအိမ်များ ဖောက် ထွင်းခံနေရသည့် အခြေအနေနှင့်ပတ်သက်၍ PNLA အနေဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်းနှင့် မိမိတို့လုံခြုံရေးအတွက် ဒေသခံများမြို့အတွင်းသို့ အရဲစွန့် ပြန်မလာကြရန် PNLA ဘက်က တိုက်တွန်းထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုးထားသော (PNLO) သည် စစ်အာဏာရှင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဘဝတူညီနောင် မဟာမိတ် များနှင့်အတူ စစ်ကောင်စီအား တိုက်ခိုက်တော့မည်ဖြစ်ကြောင်းကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ လ(၂၆)ရက်နေ့က လူမှုကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်