Home သတင်း ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုဇုန်တည်ဆောက်ရေးတွင် စစ်ကောင်စီနှင့် မပူးပေါင်းစေလိုကြောင်း ကရင်လူမှုအဖွဲ့များပြော

ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုဇုန်တည်ဆောက်ရေးတွင် စစ်ကောင်စီနှင့် မပူးပေါင်းစေလိုကြောင်း ကရင်လူမှုအဖွဲ့များပြော

996
Photo-CIDKP

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့် မြန်မာနိုင်ငံနယ်စပ်တွင် လူသားချင်းစာနာမှုလုံခြုံရေးဇုန်တည်ဆောက်၍ လူထုအကူအညီပေး ရေးကိစ္စများဆောင်ရွက်ရေးတွင် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မပြုစေလိုကြောင်း ကရင်လူမှုအဖွဲ့အစည်းများက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့အနီး လူသားချင်းစာနာမှုလုံခြုံရေးဇုန် တည်ဆောက်သွားရန်၊ ထိုင်းနှင့် မြန်မာကြက်ခြေနီ အဖွဲ့များမှတဆင့် စစ်ဘေးရှောင်များကို အကူအညီပေးရန် ပြောကြားချက်အား ယမန်နေ့ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် နိုင်ငံခြားသတင်းဌာန VNA နှင့် The Diplomat တို့က ဖော်ပြထားသည်နှင့်ပတ်သက်၍ ကရင်အဖွဲ့အစည်းဘက်က ယခုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် လူထုသို့အကူအညီများပေးရာတွင် စစ်ကောင်စီနှင့်လက်တွဲလုပ်ဆောင်ခြင်းက ၎င်းတို့အားအသိအမှတ်ပြုရာရောက်ပြီး ပြည်သူလူထုကိုပစ်မှတ်ထား တိုက်ခိုက်နေသော စစ်ကောင်စီနှင့် လူထုအကူအညီပေးရေး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း မပြုစေလိုကြောင်း ကရင်အမျိုးသမီးစည်းရုံး-KWO မှ နော်အယ်တမွီဖောက ယခုလိုပြောသည်။

“စစ်တပ်က လူထုကိုလေယာဥ်နဲ့ ဗုံးလာကြဲတယ်။ သေနတ်ကြီးနဲ့လာပစ်တယ် ။ နေ့တိုင်းပဲမြင် နေရတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့လူထုကို ကူညီဖို့ စစ်တပ်နဲ့မပူးပေါင်းစေချင်ဘူး။ ဇုန်လုပ်မယ့် နေရာမှာ စစ်ဘေးရှောင်တွေရှိလာရင် ကျမတို့ KWO ရော၊ အခြားလူမှုအဖွဲ့တို့ရောက အခုထက်ထိ သွားကူတာရှိတယ်။ ရံပုံငွေမလုံလောက်လို့သာ ကရင်စစ်ရှောင် ၇ သိန်းကျော်လုံးကို မကူညီနိုင်တာ။ သူတို့သာ ကူညီစေချင်တယ်ဆိုရင် ကျမတို့တွေကို ပိုပြီးတော့လာကူညီစေချင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ်တွင် ကရင်ပြည်သူလူထုအပါအဝင် ကရင်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းအသံထွက်တောင်းဆိုကြရန် လိုအပ်ကြောင်းလည်း KWO က ထောက်ပြထားသည်။

လူသားချင်းစာနာမှုလုံခြုံရေးဇုန်မှ အကူအညီပေးရေးအနေဖြင့် တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာထွက် ပြေးနေရသူ နှစ်သောင်းကျော်အား စားနပ်ရိက္ခာနှင့်ကျန်းမာရေး အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုကိစ္စများအတွက် တရုတ်၊ အိန္ဒိယနိုင်ငံအပြင် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့များနှင့်ပါ ဆွေးနွေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ထိုသတင်းဌာနများတွင် ဖော်ပြထားသည် ။

ထို့အပြင် စစ်ကောင်စီနှင့်ပူးပေါင်းလက်တွဲမည်ဟူသော ထိုင်းနိုင်ငံ၏ဆုံးဖြတ်ချက်က မှားယွင်းနေပြီး နိုင်ငံရေးအရ နာမည်ရလိုရုံသပ်သပ်ဖြင့် သေချာလေ့လာသုံးသပ်ခြင်းမရှိဘဲ လုပ်ဆောင်ခြင်း မပြုစေ လိုကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသော ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP မှ ဒု-တာဝန်ခံ စောခဲလေက ပြောသည်။

၎င်းက “နယ်စပ် တကယ့်တိုက်ပွဲတွေပြင်းထန်တဲ့နေရာမှာ သူတို့က စစ်ကောင်စီနဲ့အလုပ်လုပ်မယ်ဆိုတာ ဘယ်လိုပုံစံနဲ့လုပ်မလဲ ကျနော်တို့ နားမလည်နိုင်ဘူး။ စစ်ကောင်စီကြောင့် ဖြစ်တဲ့ကိစ္စတွေကို သူတို့ကပဲ ပြန်ပြီးတော့ ဒီလိုပုံစံမျိုးနဲ့ဖြေရှင်းမယ်ဆိုတာကတော့ စဥ်းစားရအရမ်းခက်တယ်။ ပြီးတော့ ဟိုးအရင် လေးကေ့ကော်ကနေ စစ်ရှောင်လာတဲ့လူဦးရေနဲ့ ဒီသံလွင်မြစ်ကမ်းနဖူးမှာနေတဲ့လူတွေလောက်ပဲ သူတို့ လုပ်နိုင်မယ်။ အဲ့ဒါတွေက စစ်ရှောင်တွေအားလုံးရဲ့ ၇ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ အဲ့ဒါကို တောင်မှ သူတို့ကောင်းကောင်းမွန်မွန်လုပ်နိုင်ရဲ့လားပေါ့။” ဟု ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ထိုသို့ပြောဆိုလုပ်ဆောင်ချက်သည် စစ်ကောင်စီနှင့် အတိုက်အခံ အဖွဲ့အ စည်းများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ အကြား တွေ့ဆုံစကားပြောမှုသို့ ရည်ရွယ်ခြင်းဖြစ်သလို အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ရပ်ကို ဖြည့်စွက်ရန်လည်း ဖြစ်ကြောင်း သတင်းဌာနများတွင် သုံးသပ်ဖော်ပြထားသည်။

အာဏာသိမ်းမှု(၃)နှစ်တာကာလအတွင်း ကရင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် စုစုပေါင်း (၇၅၂,၀၀၀) ကျော်ရှိပြီး အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များအနေဖြင့် စစ်ရှောင်၏လူဦးရေ ထက်ဝက်ခန့် ကိုပင် လိုအပ်သည့်အကူအညီမပေးနိုင်သေးသလို ပြည်သူလူထုကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ တိုက်ခိုက်နေသော စစ်ကောင်စီကြောင့် တနေ့တခြား စစ်ဘေးရှောင်ဦးရေ တိုးလာရကြောင်းလည်း ကေအဲန်ယူဘက်က ထုတ်ပြန်ပြောဆိုသည်။