Home သတင်း စစ်သားစုဆောင်းမည့်သတင်းကြောင့် ကရင်ပြည်နယ်တွင်း လူငယ်များ ထိုင်းနိုင်ငံဘက် ရှောင်တိမ်းလာမှုရှိနေ

စစ်သားစုဆောင်းမည့်သတင်းကြောင့် ကရင်ပြည်နယ်တွင်း လူငယ်များ ထိုင်းနိုင်ငံဘက် ရှောင်တိမ်းလာမှုရှိနေ

941
Photo: SAC

ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း စစ်တပ်က စစ်သားစုဆောင်းမည့် သတင်းကြောင့် ‌ဖားအံအပါအဝင် အခြားမြို့ နယ်တွင်းရှိ ရပ်ကွက်ကျေးရွာများမှ လူငယ်များထိုင်းနိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ရှောင်တိမ်းရန် ထွက်ခွာ လာကြသူများရှိလာနေကြောင်း သိရှိရသည်။

လတ်တလောစစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုထမ်း ဥပဒေကြောင့် စစ်သားစုဆောင်းမှု၊ ပေါ်တာဖမ်းဆီးစစ်ဆေးမှုနှင့် စစ်သားစုဆောင်းမှုကိစ္စများအတွက် ရပ်ရွာအတွင်း လူစာရင်း ကောက် ယူသည့် အခြေအနေများကြောင့် လူငယ်၊ လူရွယ်များ ထိုင်းနိုင်ငံဘက်ရှိ ဆွေမျိုး ညီအစ်ကို မောင်နှမများထံပို့ဆောင်ရှောင်တိမ်းခိုင်းမှုများ ရှိလာပြီးဖြစ်ကြောင်း ဖားအံမြို့ခံ တစ်ဦးက ယခုလို ပြောပါသည်။

” အခုဖားအံမှာ အခက်တွေ့ကုန်ပြီ၊ တချို့လူငယ်ရှိတဲ့ မိဘတွေက လက်နက်ကိုင်အဖွဲ့ထဲ ယာယီဝင်ခိုင်းကြတယ်။ တချို့က ထိုင်းဘက်မှာရှိတဲ့အမျိုးတွေဆီ ထိုင်းတက်ခိုင်းတယ်။ အခုက ဘယ်မှာနေနေလူစာရင်းကောက်နေတော့ ဘယ်မှာမှ မလွတ်ဘူး။ သွားရင်လာရင်းစစ်ဆေးရေးဂိတ်က ဖမ်းပြီးပေါ်တာခေါ်သွားရင်လည်း စာရင်းမရှိအင်းမရှိ ဘယ်မှာလိုက်စုံစမ်းလို့မှမရ အစပျောက်သွားမယ်။ အဲ့တော့ အိမ်ကကလေးတွေ ထိုင်းတက်ခိုင်းလိုက်တယ်။ ” ဟု ၎င်းဖားအံမြို့ခံက ပြောသည်။

ထို့အပြင် မြဝတီ၊ လှိုင်းဘွဲ ဒေသရှိ ရပ်ကွက်ကျေးနယ်များတွင် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများနှင့် စစ်စ ခန်းများမှတပ်ဖွဲ့တာဝန်ရှိသူများက စစ်မှုထမ်းနိုင်သည့် အသက်အရွယ်အလိုက် အိမ်ထောင်စုစာရင်း ကောက်ယူမှုအပြင် ကျေးရွာကာကွယ်‌ရေးအတွက်ဟုဆိုတာ စစ်သင်တန်းတက်ရန် လူစာရင်းသွင်းကြရန် ဖိအားပေးပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

“အရင်က ရွာမှာ BGF စစ်သားစုတယ်ဆိုရင် တစ်ရွာငွေဘယ်လောက်ပေးဆိုတာမျိုး စုပြီးငွေ ထည့်လိုက်ရင် စစ်သားလုပ်ဖို့ လူလိုက်စရာမလိုတော့ဘူး။ တစ်နှစ်စာပေါ့။ အခုကအဲ့လို ငွေစုထည့်လို့ မရတော့ဘူး။ လူထည့်ပေးရမှာ၊ ကိုယ့်ကလေးကို စစ်သားလိုက်ဖို့ပေးရမှာ အခုက အာဏာသိမ်း စစ်တပ်ကပါ စစ်မှုထမ်းရမယ်ဆိုတာမျိုးအမိန့်ထုတ်တယ်ကြားတော့ အိမ်ကကလေး တွေ ရှောင်ခိုင်း ရတော့မယ့် သဘောရှိတယ်။ အုပ်ချုပ်ရေးမှူး လာစာရင်းကောက်လည်း ထိုင်းတက် သွားပြီလို့ပဲ ပြောရတော့မယ်”ဟု အမည်မဖော်လိုသူ လှိုင်းဘွဲဒေသခံတစ်ဦးကလည်း ပြောသည်။

Photo: SAC

အဆိုပါ စစ်တပ်ထုတ်ပြန်သည့် စစ်မှုထမ်းရန်အမိန့်ကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်သို့ ကရင်ပြည်နယ်ဒေသအတွင်းမှ လူငယ်များ ထွက်ခွာရှောင်တိမ်းလာနေကြောင်း မဲဆောက်ဒေသ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကူညီ လုပ်ဆောင်သူများက ပြောသည်။

မဲဆောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေး ကူညီလုပ်ဆောင်သူတစ်ဦးက“ စစ်မှုထမ်းရ မယ်ဆိုတော့ ကလေးတွေ မဲဆောက်ဘက် တက်လာကြပြီ။ ကျောင်းတက်ဖို့၊ ညီအစ်ကို မောင်နှ မအိမ်တွေ လာရှောင်နေဖို့ပေါ့၊ မိဘတွေရွာမှာ မထားတော့ဘူး။ အဲ့တော့ ဒီဘက်မယ် လူပိုများ ပြဿနာ များလာမယ့် သဘောရှိတယ်။ ပြည်တွင်းကနေလည်း ရှောင်လာဖို့ စုံစမ်းတာတွေ ရှိနေပြီ ”ဟု ပြောသည်။

နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စတင်အသက်ဝင်နေပြီဟု အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြညာထားခြင်းဖြစ်သည်။ အဆိုပါ ဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများက မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည်ဖြစ်ဟု ဖော်ပြပါရှိသည်။