Home သတင်း ခွဲထွက်သွားသူများကို ပြန်လည်စည်းရုံးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်

ခွဲထွက်သွားသူများကို ပြန်လည်စည်းရုံးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်

463
Photo: Crd.

ဖေဖော်ဝါရီလ ၁၈ ရက်၊၂၀၂၄ ခုနှစ်။ကေအိုင်စီ

စစ်ကောင်စီ နှင့် နိုင်ငံရေးအရ ဆွေးနွေးခြင်းအပေါ် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မွန် ပြည်သစ်ပါ တီမှခွဲထွက်သွားသည့် အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ ဦးဆောင်သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့ကို မိခင်ပါတီထံသို့ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည် သစ်ပါတီ(NMSP)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။

အထွေထွေအတွင်းရေးမှူး နိုင်ဇေယျသည် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်နယ်မြေအခြေစိုက် မော်လ မြိုင်ခရိုင်သို့ ပါတီရှင်းလင်းရေးခရီးစဉ်ကိုအခွင့်ကောင်းယူ၍ ပါတီညီလာခံရလဒ်အပေါ် ကျေနပ်ခြင်းမရှိသူများ ကို စည်းရုံးကာ ပါတီမှခွဲထွက်၍ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ အမည်ခံကာ ခွဲထွက်သွားခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ခွဲထွက်သူများကို သံဃာတော်များ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များ နှင့် လက်တွဲ၍ မိခင်ပါတီထံသို့ ပြန်လာနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်ပြည်သူများထံသို့ အသိပေးထုတ်ပြန်သည့် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ၏ (၁၁) ကြိမ်မြောက် ညီလာခံအတွင်း လတ်တလောစစ်ရေး နိုင်ငံရေး ပြဿနာများအား ၂၀၁၂ ခုနှစ် နှစ်ဖက်သဘောတူအပစ်ရပ်ထားသည့် ရပ်တည်ချက်အတိုင်း စစ်ကောင်စီနှင့် ဆက်ဆံသွားရန် ဆုံးဖြတ် ခဲ့သည့်အပေါ် လက်မခံသည့် ပါတီ အတွင်းရေးမှူး နိုင်ဇေယျ နှင့် ဒုစစ်ဦးစီးချုပ် စလွန်းထော အပြင် ရပ်တည်ချ က်တူ ပါတီဝင်များ၊တပ်ဗိုလ်တပ်မှူးများက နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်တပ်ကို တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ကိုလည်း နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “မွန်ပြည်သစ်ပါတီ AD ရဲ့ခွဲထွက်တဲ့ ထုတ်ပြန်ကြေငြာချက်အတိုင်း အဲ့ AD အဖွဲ့က တကယ်ပဲ စစ်ကောင်စီဖက်စစ်တပ်ကို အမြစ်ပြုတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုခဲ့လို့ရှိရင်တော့ ကျနော်တို့ ပြောထားခဲ့ပြီးသားရှိပါတယ် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ တော်လှန်ရေးအတွက်လည်း အင်အားတစ်ရပ်ဖြစ်စေတယ်ပေါ့။ “ဟု ကေအိုင်စီ သို့ပြောသည်။

သို့သော် ထုတ်ပြန်ကြေညာထားသည့်အတိုင်း စစ်ကောင်စီကို လက်တွေ့ ပူးပေါင်းတိုက်ခိုက်သွားခြင်း ရှိ မရှိ အပေါ် မျက်ခြေမပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်ထက် လက်တွေ့ ပူးပေါင်းပါဝင်လာရန်ကို လည်း မျှော်လင့်ကြောင်း နိုင်နဂါးက ဆက်ပြောသည်။

ယခုလို ခွဲထွက်သွားသူများကို မိခင်ပါတီထံသို့ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းသွားမည့်အပေါ် သက်ဆိုင်ရာ မွန်ပြည်သစ်ပါတီခေါင်းဆောင်များ နှင့် ခွဲထွက် သွားသည့် ပါတီ ခေါင်းဆောင်များကို ကေအိုင်စီ အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လတ်တလောအချိန်အထိ ဆက်သွယ်၍ မရသေးပေ။

မွန်ပြည်နယ်အတွင်းရှိ အရပ်သားများအပေါ် လက်နက်အားကိုးဖြင့် ဖမ်းဆီး အကျဉ်းချ သတ်ဖြတ်မှုများ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ကျူးလွန်နေသည့် စစ်ကောင်စီ နှင့် နိုင်ငံရေးအရ ဆက်လက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယခုလို ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ အနေဖြင့် ထုတ်ပြန်ထား သည့်အတိုင်း လက်တွေ့လုပ်ဆောင်လာပါက မွန်ပြည်နယ် နှင့်ကရင်ပြည်နယ်တွင် စစ်ရေးအရှိန်ပို၍ မြင့်မား လာနိုင်ကြောင်း MSRF၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဖြည့်စွက်ပြောသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာ့နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့(န၀တ)၊ နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။