ဖေဖော်ဝါရီလ ၁၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ကို ဝင်တိုက်မည့်ဆိုသည့် ကောလာဟလသတင်းများကြောင့် စစ်ကောင်စီတပ်က မြို့အဝင် အထွက်တွင် လုံခြုံရေးများကို တိုးမြှင့်ချထားကြောင်း ဖားအံမြို့ခံများက ပြောသည်။
ဖားအံမြို့အနီး နောင်လုံတောင်ကြားလမ်းဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင် များကိုတွေ့ရှိခြင်း၊ နယ်ခြားစောင့်တပ်-BGFဘက်မှ မြို့ကိုဝင်တိုက်မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ခြေရှုပ် နေကြောင်း ဖားအံမြို့ခံတစ်ဦးက ယခုလိုပြောသည်။
၄င်းက “မနေ့ညက နောင်လုံဘက်မှာ ရဲကားပေါ်ကို သေနတ်အပြည့်တင်ပြီး ကင်းပတ်နေတယ် ရှုပ်နေတယ်။ အခု ပြည်ထောင်စုမှာ စစ်သားတွေအများကြီး ဂိတ်တွေမှာတွေ့တယ်။ တပ်မ ၂၂ ဘက်မှာလည်း ရုတ်ရုတ် သဲသဲ ဖြစ်နေတယ်။ ပြီးတော့နောင်လုံတောင်ကြားမှာ မနေ့ညနေလောက်က KNU ရဲဘော်တွေတွေ့တယ်တဲ့။ ပြောနေ တာကတော့ PDF တွေနောင်လုံတောင်ကြားဘက်ရောက်နေတယ်။ BGF တွေကလည်း မြို့ကို ဝင်တိုက်မယ် ဖားအံမှာ တော်တော်ရှုပ်နေတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့နောက် ယနေ့တွင် ဖားအံမြို့တွင် ယခင်အခြေအနေကဲ့သို့ သွားလာ လှုပ်ရှားမှုပုံမှန်အနေအထား ပြန်ဖြစ်ပြီးဟု ပြောဆိုမှုများရှိနေသလို စစ်ကောင်စီရုံးနေရာများ နှင့် ရုံးလမ်းမနေရာများတွင် စစ်တပ် ခံစစ်ကတုတ်များ၊ ကွန်ကရစ်ဘန်ကာ အဆောက်အဦးများ၊ ဆက်သွယ်ရေးမြောင်းများ အခိုင်အမာ ဆောက်လုပ်ထားရှိပြီး အချို့ရုံး နေရာများတွင် စစ်တပ်၊ ရဲ နှင့် စစ်မှုထမ်းဟောင်းများကို လုံခြုံရေးချထားမှုရှိကြောင်း ဖားအံမြို့ခံက ပြောဆို သည်။
လက်ရှိတွင် ဖားအံမြို့တွင်း၌ လူသွားလူလာ နည်းပါးနေပြီး လူငယ်များကို စစ်ကောင်စီတပ်က အတင်းအဓမ္မ လိုက်လံဆွဲယူဖမ်းဆီးနေသည့် သတင်းများကြောင့်လည်း လူငယ်အများအပြား နေအိမ်အပြင်မထွက်ရဲကြသလို နောင်လုံ တောင်ကြားလမ်းကိုလည်း စစ်ကောင်စီ လုံခြုံးရေးတပ်က ပိတ်ထားကြောင်း ဖားအံမြို့ခံ လူငယ် တစ်ဦးက ပြောသည်။
“အခုမြို့ထဲမှာ တိတ်ဆိတ်နေရော။ လူငယ်တော်တော်များများ အပြင်မထွက်ရဲကြဘူး။ အခုကြားတာက နောင်လုံတောင်ကြားလမ်းကို ပိတ်ထားတယ်တဲ့။ ပိုင်ကျုံဘက်မှာ BGF နဲ့ စကစ တွေ တွေ့နေကြတယ်လို့ လည်း ပြောကြတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုလို ဖားအံမြို့တွင် ယမန်နေ့ညက ဖြစ်ပေါ်ခဲ့သည့် အခြေအနေ နှင့် ပတ်သက်ပြီး အကြောင်းအရင်း အတိ အကျကိုမူ ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နီးစပ်ရာ သတင်းအရင်း အမြစ် များထံမှ ဆက်လက် အတည်ပြု သတင်းရယူနေလျက်ရှိသည်။
ထို့အပြင် BGFတပ်များ ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ်မြို့သစ် လမ်းပိုင်းကိုလည်း လာမည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် လမ်းကြောင်းပိတ်သွားမည်ဖြစ်ကြောင်းလည်း ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဖြစ်ပေါ် ခဲ့သည့် BGF ၏ သီးခြား ရပ်တည်ခွဲထွက်လာမှုနောက်ပိုင်း ဖားအံမြို့ အပါအဝင် အခြားမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီ ဘက်မှ လုံခြုံရေး တိုးမြင့်စစ်ဆေးမှုများပြု လုပ်လာ ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ဆိုထားသည်။



















