Home သတင်း ချောင်းနှစ်ခွရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများလုပ်ဆောင်နေ

ချောင်းနှစ်ခွရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများလုပ်ဆောင်နေ

1067
ယခင်နှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ ဖြစ်ပွားသော ချောင်းနှစ်ခွကျေးရွာတိုက်ပွဲဖြစ်စဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ထံ လက်ချခဲ့သည့် စစ်ကောင်စီတပ်မ (၂၂) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂၃ ဦး ချောင်းနှစ်ခွတံတားပေါ်တွင် တွေ့မြင်ရစဉ်။ ( Photo-KNLA)

ဇန်နဝါရီလ ၁၃ ရက်၊၂၀၂၄နှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အစပ် ချောင်း နှစ်ခွကျေးရွာတွင် ပြန်လည်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံ အရပ်သားပြည်သူ များအား ဖမ်းဆီးစစ်ဆေး၊ နှိပ်စက်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းကတည်းက စစ်ကောင်စီတပ် ပြန်လည်တပ်စွဲနေထိုင်လာသည့် ချောင်းနှစ်ခွ ကျေးရွာတွင် မိမိတို့နေအိမ်မှ ပစ္စည်းများပြန်သယ်ယူနေသည့် အရပ်သားပြည်သူများကို သေလု မျှောပါးအထိ ဖမ်းဆီးရိုက်နှိပ်မှုများလုပ်ဆောင်နေကြောင်း ကျေးရွာသားများက ပြောသည်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ရွာသားတွေကို ဖမ်းပြီးထုရိုက်ထားတယ်။ ဟိုတစ်ယောက်ဆို အသက် ၅၃ နှစ်တဲ့၊ သူတို့ထုရိုက်ထားတာကို သေပြီးထင်လို့ မြောင်းထဲမှာ ပစ်ထားတယ်။ ကယ်ဆယ်ရေးသမားတွေ့လို့ ဆေးရုံပို့လိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကျေးရွာများတွင် ရွာသားများ၏ ပစ္စည်းဥစ္စာများကို ခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေပြီး ပစ္စည်းများပြန်သယ်ယူနေသည့် ရွာသားများကိုလည်း ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံ ဦးကျော်စိုးက ယခုလို ပြောသည်။

” စစ်ကောင်စီတပ်တွေက ရွာထဲဝင်ပြီး ပြည်သူတွေ ဖုန်းဆိုင်ဆိုလည်း ဖုန်းတွေအကုန်လုံး၊ အိမ်ဆိုလည်း အိမ်ထဲက ပစ္စည်းတွေအကုန်လုံး၊ ဆိုင်ကယ်တွေဘာတွေအိမ်လုံးကျွတ် ပစ္စည်းတွေကို သယ် ထုတ်ခိုးယူနေတယ်။ အိမ်မှာပစ္စည်းပြန်ယူတဲ့ ပြည်သူတွေလည်း တွေ့ရာ ဖမ်းဆီး စစ်ဆေး နှိပ်စက်နေကြတယ်”ဟု ဦးကျော်စိုးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့ တပ်စွဲထားသည့် ချောင်းနှစ်ခွကျေးရွာတွင် ရွာသား များကို လုံးဝဝင်ထွက်သွားလာခွင့်မပြုဘဲ တောင်ကလေးကျေးရွာဘက်တွင်မူ ရွာသားများ မိမိနေအိမ်ရှိ ပစ္စည်းများပြန်သယ်ယူလိုလျှင် တစ်ဦးကို နှစ်သိန်းကျပ်ပေးဆောင်၍ သယ်ယူခွင့်ရနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ချောင်းနှစ်ခွကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာရှိ ဒေသခံရွာ သားများသည် ဖမ်းဆီးနှိပ်စက်ခံရမှုအပြင် ပစ်ခတ်သတ်ဖြတ်ခံရမှုများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။