ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများအပါအဝင် တောင်ငူမြို့ ပေါ် ရပ်ကွက်အချို့တို့တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် စစ်ကောင်စီတပ်များက တစ်အိမ် လျှင် လူငယ်အမျိုးသားတစ်ယောက်နှုန်းတောင်းခံ၍ လူအင်အားစုဆောင်းတောင်းခံခြင်းများ ပြုလုပ်နေ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ မြတ်စောညီနောင်၊ ငါးဖယ်အင်း၊ ဒိုးသောင်အစရှိသည့် ကျေးရွာများတွင် သာမက တောင်ငူမြို့ပေါ်ရှိ ရပ်ကွက် (၁၈, ၁၉, ၂၀, ၂၃) တို့တွင်လည်း ယခုဇန်နဝါရီ လအတွင်း စစ်ကောင်စီတပ်များက ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အစည်းအဝေး ခေါ်ဆောင်၍ တစ်အိမ်တစ်ယောက်နှုန်း လူတောင်းခံခြင်း၊ မဲနှိုက်ပါဝင်စေခြင်းတို့ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
တောင်ငူမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက “ရပ်ကွက်တွေရော၊ ရွာတွေရော သူတို့ဝင်စစ်ချင်တာစစ်ပြီး လူတောင်းနေတာ၊ ယောက်ျားလေးမရှိတဲ့အိမ်ဆို မိန်းကလေးခေါ်ကြမှာ၊ မြတ်စောညီနောင်တို့ ဒိုးသောင် တို့ဆို လူတောင်းတဲ့ကိစ္စမနေ့က တစ်ရွာချင်းလိုက်ဆွေးနွေးကြတယ် ဒီနေ့စမှာ” ဟု ၎င်းက ကေအိုင်စီသို့ ယနေ့ပြောသည်။
စစ်ကောင်စီက စစ်သင်တန်းတက်ရန်အတွက် လူစုဆောင်းနေခြင်းဖြစ်ပြီး လူမပေးနိုင်၊ မဲပေါက်သော် လည်း မပါဝင်လိုသော ပြည်သူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များအဖြစ် ခေါင်းစဉ် တပ်စွပ်စွဲကာ ဖမ်းဆီးထောင်ချခြင်းနှင့် ရွာကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများလည်း ရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
နောက်ထပ် မြို့ခံတစ်ဦးကလည်း “ဒီနေ့ အုပ်ချုပ်ရေးမှူးအိမ်မှာ အစည်းအဝေးခေါ်တော့ ယောကျ်ား လေးတွေကို တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ခိုင်းတယ်။ တချို့အုပ်ချုပ်ရေး မှူးတွေက မတက် ခိုင်းဘူးပြောတော့ စစ်တပ်ကအလံနီပြပြီး ဗုံးကြဲတိုက်မယ်တဲ့ပြောတယ်” ဟု ဆိုသည်။
ထိုသို့ စစ်တပ်က ပြည်သူလူထု ဆန္ဒမပါဘဲ အတင်းအဓမ္မ တပ်သားအင်အားစုဆောင်းခြင်းများ ပြုလုပ် နေသောကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးနှင့် ရပ်ရွာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည်။
စစ်ကောင်စီက စစ်သင်တန်းပေးရန် တပ်သားအင်အားစုဆောင်းနေမှုသည် တောင်ငူမြို့နယ် အတွင်းတွင်သာမက ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းအနောက်ခြမ်းရှိ ကျေးရွာများတွင်လည်း ဖြစ်ပွားနေပြီး စစ်တပ်က ၎င်းတို့စစ်အင်အားလျော့နည်းနေသည်ကို ဖြည့်တင်းရန် ပြည်သူ လူထုကိုအသုံးချနေသည့်အတွက် သတိဖြင့်နေထိုင်ကြရန် ပဲခူးတိုင်း တော်လှန်ရေးအင်အားစုများဘက်ကလည်း သတိပေးထားသည်။



















