Home သတင်း ကယားပြုံးချောင်းရွာ တတိယအကြိမ် မီးရှို့ခံရပြီး နေအိမ်အလုံး (၄၀) ကျော်မီးလောင်ပျက်စီး

ကယားပြုံးချောင်းရွာ တတိယအကြိမ် မီးရှို့ခံရပြီး နေအိမ်အလုံး (၄၀) ကျော်မီးလောင်ပျက်စီး

1053
Photo: CJ

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကယားပြုံးချောင်းရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က တတိယအကြိမ် ဝင်ရောက်မီး ရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အလုံးပေါင်း ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီးဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် တော်လှန်ရေး အင်အားစုများ ခိုအောင်းသည့်စွပ်စွဲချက်ဖြင့် ရွာရှိဒေသခံနေအိမ်အလုံး( ၃၀)နီးပါးအား မီးရှို့ ဖျက်ဆီး ခဲ့သလို ယခု ဇန်နဝါရီလ(၁၀)ရက်နေ့ကလည်း အင်အား (၁၀၀)ဝန်းကျင်ဖြင့် ကယားပြုံးချောင်းရွာသို့ ထပ်မံဝင်ရောက်လာပြီး နေအိမ်(၁၇)လုံးအား ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ဟု ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသော နေအိမ်အများစုမှာ အုတ်ခံဖြင့်တည်ဆောက်ထားသော အိမ်ကြီး အိမ်ကောင်းများဖြစ်ကြောင်း ဒေသခံများဘက်မှ ကေအိုင်စီ-ကရင်သတင်းဌာနသို့ ပေးပို့လာသော မီးလောင်ပုံကြားမှ ကျန်ရှိနေအိမ်အပျက်အစီး မှတ်တမ်းများအရ သိရသည်။

“အိမ်ကြီးတွေကို ရွေးပြီးရှို့သွားတာ များပါတယ်။ အခုတစ်ခေါက်မှာတော့ (၁၇)လုံး လောက်ပါ သွားတယ်” ဟု ဇန်နဝါရီလ(၁၀)ရက်နေ့က စစ်တပ် မီးရှို့ဖျက်ဆီးခံလိုက်ရသော ကယားပြုံးချောင်းရွာရှိ နေအိမ်တစ်လုံးပိုင်ရှင် ဒေသခံတစ်ဦးက ကေအိုင်စီကို ယနေ့တွင် ပြောသည်။

ထိုသို့ နေအိမ်များမကြာခဏ ဝင်ရောက်မီးရှို့ခံရခြင်း၊ ရွာအနီးတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တို့ မကြာခဏတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ နီးစပ်ရာတပ်ရင်းများမှ လက်နက်ကြီး ပစ်ကူပေး လာခြင်း၊ ရွာအတွင်း စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်စဥ် ဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းများကို ခံနေရခြင်းတို့ကြောင့် မိမိတို့နေအိမ်တွင် မြံမြဲစွာ နေထိုင်မရသော အခက်အခဲနှင့် စစ်ဘေးရှောင်များ ဖြစ်လာကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

Photo: CJ

စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက “ပြန်နေဖို့ကတော့ မလွယ်ဘူး၊ တချို့လူတွေကတော့ ပြန်နေတယ်၊ တချို့ကတော့ သွားတယ်။ ကျနော်တို့ဆီမှာ အများအားဖြင့်က တစ်ရက်နှစ်ရက်ဖြစ်ရင် တစ်လလောက်ရှောင်တယ်။ ငြိမ်သွားရင် အိမ်ပြန်နေတယ်။ စစ်ရှောင်တွေကို ကူဖို့အထောက်အပံ့ အတွက်ကတော့ လမ်းကြောင်းပြန်ရှာရဦးမယ်။ ဘာသာရေးပိုင်းက ပြန်ကူတာရှိတယ်လေ” ဟု ၎င်းက ဆိုသည်။

အိမ်ခြေ(၁၂၀)ခန့်ရှိသော ကယားပြုံးချောင်းရွာအပြင် အနီးရှိ ရှမ်းပြုံးချောင်းရွာ၊ ရေဆင်းကုန်းရွာနှင့် အခြားကျေးရွာများ အနီးတွင် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း -ခလရ(၃၉)နှင့် ခလရ (၇၃) တပ်ရင်းများအပြင် ရဲလေ့ကျင့်ရေးစခန်းတို့ရှိသည်။ တိုက်ပွဲများဖြစ်ပွားစဥ် ထိုတပ်ရင်းများမှ လက်နက်ကြီးများ မကြာခဏပစ်ကူပေးသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပစ်ခတ်ခြင်းကို ခံရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

တတိယအကြိမ်မြောက် နေအိမ်မီးရှို့ခံရသည့် ဇန်နဝါရီလ(၁၀)ရက်နေ့က ဖြစ်စဥ်တွင် ကျူးလွန်သူ စစ်ကောင်စီတပ်ဖွဲ့များ ရွာမှပြန်လည်ထွက်ခွာလာပြီး ရှမ်းပြုံးချောင်းရွာထိပ်သို့အရောက် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပုဝါနီစစ်ကြောင်းပါဝင်သော တော်လှန်ရေး အင်အား စုများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သေးကြောင်း တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်၊ မေလ(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ(၃၁)ရက်နေ့အထိ ကယားပြုံးချောင်းရွာအပါအဝင် ပဲခူးတိုင်းဒေသကြီး(အရှေ့ဘက်ပိုင်း) ကျေးရွာ များတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုခံခဲ့ရသည့် နေအိမ်စုစုပေါင်း (၂၉၅)လုံး ရှိလာပြီဖြစ်ကြောင်း နိုင်ငံတဝှမ်းမီးလောင်မှုများကို စာရင်းပြုစုနေသော Data for Myanmar ၏ မှတ်တမ်းများအရ သိရသည်။