Home သတင်း ဖားအံမြို့ထဲ တိမ်းရှောင်လာပြီး အိမ်ငှားနေ စစ်ရှောင်အချို့ နေထိုင်ရပ်တည်ရေးခက်ခဲလာ

ဖားအံမြို့ထဲ တိမ်းရှောင်လာပြီး အိမ်ငှားနေ စစ်ရှောင်အချို့ နေထိုင်ရပ်တည်ရေးခက်ခဲလာ

835

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အတွင်းသို့ မိသားစုအလိုက် စစ်ရှောင်လာပြီး အိမ်ငှားနေထိုင်သည့် ကော့ကရိတ်မြို့နေ စစ်ရှောင်အချို့သည် လက်ရှိတွင် ဝင်ငွေမရှိသည့်အတွက် ငွေကြေးကြပ်တည်းလာကာ ဆက်လက်နေ ထိုင်ရပ်တည်ရန် အခက်အခဲကြုံနေကြရသည်ဟု သိရသည်။

ကော့ကရိတ်မြို့တွင် မြို့လုံးကျွတ် အရပ်သားပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ နီးစပ်ရာ ဆွေမျိုးများနေထိုင်သည့် ကျေးရွာနှင့် စစ်ရှောင်များနေရာချပေးထားသည့်နေရာအပြင် အချို့မှာ ဖားအံမြို့အထိ သွားရောက်တိမ်းရှောင် အိမ်ငှားနေထိုင်ရသောကြောင့် ဝင်ငွေမရှိသည့် စစ်ရှောင်များအတွက် ပိုမိုကြပ်တည်းလာကြောင်း ဖားအံမြို့ထဲ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ကျမတို့က တိုက်ပွဲဖြစ်တော့ တစ်ခြားနေရာမှာအသိမရှိ၊ ပြီးတော့မိသားစုနဲ့နေတော့ မြို့ထဲမှာ အိမ်ငှားနေတာ။ တစ်လလောက်ကြာမယ်ထင်လို့ ငှားနေတာ၊ အခုက နှစ်လထဲမှာရောက်ပြီး ဘာဝင်ငွေမှမရှိဘူး။ အခြေအနေကလည်း ဘယ်လိုလားမလဲမသိဘူး၊ တော်တော်အခက်အခဲဖြစ်လာတယ်။ ကျမတို့လို ဘဝတူ စစ်ရှောင်တွေအများကြီးရှိတယ်။ ပြီးတော့ တချို့ဆိုနေအိမ်လည်း မီးလောင်သွားကုန်ပြီး စိတ်ဓာတ် တွေကျတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြို့ထဲသို့တိမ်းရှောင်လာသည့်စစ်ရှောင်များသည် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင်လည်း မိသားစု စာရင်းတင်ထားရသည့်အပြင် ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူးများ မကြာခဏ စောင့်ကြည့်မေးမြန်းမှု များလည်းကြုံတွေ့နေကြရကြောင်း အဆိုပါစစ်ရှောင်က ပြောသည်။

ဖားအံမြို့ ရပ်ကွက်များတွင် တိမ်းရှောင်လာသည့် စစ်ရှောင်များအပြင် ဖားအံမြို့အနီး တိမ်းရှောင်လာသည့် စစ်ရှောင်များကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ စာရင်းကောက်ယူမှုများရှိကြောင်း ဖားအံမြို့အနီးရှိ ဒုံရင်းတိုက်နယ် ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာမှာလည်း စစ်ရှောင်လာနေတာရှိတယ်။ တချို့က ဆွေမျိုးအိမ်မှာနေတယ်။ တချို့ကထိုင်းတက်တဲ့ အိမ်အလွတ်တွေမှာငှားနေတယ်။ ရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စာရင်းလာကောက်တယ်။ မေးတော့ သူတို့လည်း သေချာမသိဘူး။ အထက်က ကောက်ခိုင်းတာ အကူအညီပေးဖို့လားမသိဘူးတဲ့။ တကယ်တော့အဲဒီစာရင်းလာကောက်တဲ့စစ်ရှောင်တွေကို ဘာအကူအညီမှမရပါဘူး။ ဘယ်သူမှ ကူညီတာမရှိပါဘူး”ဟု ၎င်းဒေသခံက ပြောသည်။

ကော့ကရိတ်ခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ ထုတ်ပြန်ထားခဲ့သည့် ဒေသဆိုင်ရာ သတင်းအချက်အလက်နှင့် လူဦးရေစာရင်းအရ ကော့ကရိတ်မြို့ထဲတွင် လူဦးရေ (၃၇၉၄၁)ဦး၊ အိမ်ခြေ (၆၁၃၀)နှင့် အိမ်ထောင်ပေါင်း (၆၂၃၄)စုရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို နှစ်ဘက်တိုက်ပွဲကြောင့် မြို့လုံးကျွတ် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီးဟု ဒေသခံများ၏ ပြောဆိုချက်အရသိသည်။