ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့အနီး တောင်ကလေး (ဖလုံပညာ့ တဝေါင့်)ကျေးရွာတွင် ကျင်းပမည့် ( ၃၂ ) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်လူမျိုးတို့၏ အမှတ်သင်္ကေ တဖြစ်သည့် ကျွဲချို၊ ဖားစည်သင်္ကေတရုပ်ပုံလွှာကို ဖန်တီးပြသထားသည်ဟု သိရသည်။
ယခုနှစ်ကျရောက်သည့် ကရင်နှစ် ၂၇၆၃ ခုနှစ် နှစ်သစ်ကူးနေ့အတွက် ကရင်လူမျိုးတို့၏ အထွဋ် အမြတ်ထားသည့် ဖားစည်၊ ကျွဲချို သင်္ကေတ ရုပ်ပုံလွှာကို ဇန်နဝါရီလ ၉ရက်၊ ယနေ့တွင် တောင်ကလေး (ဖလုံပညာ့တဝေါင့်) ကရင်နှစ်သစ်ကူး ပွဲတော်ကျင်းပရာနေရာ နှစ်သစ်ကူးကွင်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကရင်လူမျိုးတို့၏ သင်္ကေတ ရုပ်ပုံကို ရပ်နီးရပ်ဝေးရှိ ကရင်တိုင်းရင်းသားလူမျိုးတို့ လေးစားတန် ဘိုးထားနိုင်ရန် ရည်ရွယ်ကာ ကျေးရွာရှိ လက်မှုပညာရှင်နှင့် ပန်းချီပညာရှင်လူငယ်များက ပုံစံမတူအောင် နှစ်စဉ်ဖန်တီးပြသပေးခြင်းဖြစ်သည်ဟု ဖလုံပညာ့တဝေါင့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ဖြစ် မြောက် ရေး ဦးဆောင်နာယက ဆရာတော် ဦးဥတ္တမ(မာန်နာဲဃှီ့)က ယနေ့ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ကြားခဲ့သည်။
ဦးဥတ္တမက “ ဒီလိုတောင်ကလေးဖလုံပညာ့တဝေါင့်မှာ တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ ဒီရုပ်ပုံ လွှာလေးတွေကို ဦးဇင်းတို့ရိုးရာ လက်မှုပညာဖြစ်တဲ့ တိုင်းရင်းသားကရင်လူမျိုး ဦးဇင်းတို့ရွာမှာ ရှိနေတဲ့ လက်ယက်မှုလုပ်ငန်း အတတ်ပညာတတ်ထားတဲ့ ဒကာအုပ်စု ဒကာအဖွဲ့တွေ ရွာမှာရှိနေတဲ့ ပန်းချီ ပညာရှင်လူငယ်တွေ၊ ပန်းချီပညာကျောင်းမှာ တက်ပြီးတော့ ပန်းချီပညာနဲ့ ဘွဲ့ယူထားတဲ့ လူငယ်တွေ စုစည်းပြီးတော့ တစ်နှစ်တစ်မျိုး စီစဉ်ကျင်းပပြီးတော့ မဖြစ်ဖြစ်အောင် ဖန်တီးပြုလုပ်တဲ့ ဒီလိုမျိုး ရုပ်ပုံလွှာ အမှတ်ရပုံတွေကို အမြဲတမ်းဖွင့်ပေးလေ့ရှိပါတယ်။ ”ဟု မိန့်ကြားသည်။
ကရင်လူမျိုးတို့နှင့် သက်ဆိုင်သည့် အမှတ်အသားများကို ပုံစံမတူအောင် နှစ်စဉ်ဖန်တီးပေးထားခြင်းသည် ကရင်နှစ်သစ်ကို ကြိုဆိုခြင်းဖြစ်သလို အနယ်နယ်အရပ်ရပ်ရှိ ကရင်လူ ပြည်သူများမှ အသိအမှတ်ပြု စိတ်ဝင်စားခြင်းရှိသောကြောင့် နှစ်စဉ် ဖန်တီးပြု လုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပွဲတာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ဖားစည်၊ ကျွဲချို အရုပ်ကြီး ဖြစ်မြောက်ရန်အတွက် အချိန်(၆)ရက်သာရရှိသည့်အပေါ် အမြင့် ပေ ၂၀ အထက်ထိ ရည်မှန်းထားသော်လည်း ဖားစည်ကို အမြင့်ပေ (၁၅)ပေနှင့် ကျွဲချိုကို အမြင့်ပေ (၁၉) ပေ ဝန်းကျင်သာ ပြုလုပ်နိုင်ကြောင်း ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းကလည်း ဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်း ပြောကြားသည်။
တောင်ကလေးဆရာတော် အရှင်ပညာသာမိ၏ ဩဝါဒလမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ်မှ စတင်၍ ဒုံး စင်မြင့်၏ ညာဘက်တွင် မုဆိုးရုပ်ပုံနှင့် ဘယ်ဘက်တွင် လက်ဝှေ့သမားပုံ၊ ၂၀၁၆ ခုနှစ်တွင် နှစ်သစ် ကွင်း၏ အလယ်ဗဟို၌ ကရင်မုဆိုးကြီးနှင့် သူ၏ခွေးပုံ၊၂၀၁၉ ခုနှစ်တွင် မင်္ဂလာဆင်ရုပ်၊ စပါး ထမ်း ထားသည့် လယ်သမားကြီးပုံနှင့် ၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးချိုးငှက်ရုပ်စသည့် ရုပ်ပုံလွှာ များနှင့် ကရင်နှစ်သစ်ကူးပွဲတော်တွင် နှစ်အလိုက် ဖန်တီးပြသခဲ့သည်။
တောင်ကလေး (ဖလုံပညာ့တဝေါင့်) ကျေးရွာတွင် ကရင်နှစ်သစ်ကူးအပြင် ကရင့်ရိုးရာယဉ်ကျေးမှု ဓလေ့များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ကရင်ရိုးရာဘဝ ဓလေ့နှင့်အညီ ထိန်းသိမ်း နေထိုင်တတ်စေရန်စသည့် ရည်ရွယ်ချက်များနှင့် ကရင်ရိုးရာ စုပေါင်းမီးပုံပွဲ (ဘုံးအုဂ်ဒါန်.) ကိုလည်း ၂၀၂၀ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။



















