Home သတင်း လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းမည်

လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းမည်

201

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေး အားအကောင်းဆုံး လှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် အကြမ်း မဖက်အာဏာဖီဆန်လှုပ်ရှားမှု-CDM တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်း CDM လူထုတစ်ရပ်လုံးအား စုစည်းနိုင်ရန်ရည်ရွယ်သည့် လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်မှ (၂၄)ရက်နေ့အထိ လေးရက်တာ ပြုလုပ်ကျင်းပခဲ့သော ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအပြီး ဇန်နဝါရီလ(၂၈)ရက်နေ့ ယမန်နေ့က အဆိုပါ သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ်ညီလာခံမှသည် လာမည့် (၆)လအတွင်း ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံတွင် ထိုအဖွဲ့ ဖွဲ့စည်းနိုင်ရန် လိုအပ်သည်များကို တင်ပြဆွေးနွေး၍ ကိုယ်စားလှယ်များ၏သဘောတူညီမှုဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သလို CDM နိုင်ငံ့ဝန်ထမ်းများကို ကူညီထောက်ပံ့မှုအပါအဝင် အခွင့်အရေး ရရှိ ရန်ပါ အဖွဲ့အစည်း၏လုပ်ငန်းစဥ်တွင် ထည့်သွင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“လက်နက်ကိုင်တော်လှန်ရေး အလေးသာနေတဲ့အချိန်မှာ ကျနော်တို့ နိုင်ငံ့ဝန်ထမ်း CDM တွေကို ကူညီဖို့ကအရမ်းအားနည်းလာတော့ ဒုက္ခရောက်ကြတယ်။ CDM တွေကို အကူအညီပေးရေးအပါအဝင်၊ CDM အခွင့်အရေးတွေကို ကာကွယ်ပေးဖို့က အဖွဲ့အစည်းတစ်ခုလိုအပ်တယ်။ ဒါကြောင့် CDM တွေရဲ့ ရေးရာအားလုံးကို တာဝန်ယူဆောင်ရွက်ပေးမယ့်အဖွဲ့ဖြစ်တဲ့ လွတ်လပ်သော CDM နိုင်ငံ့ဝန် ထမ်းထုအဖွဲ့ အစည်းကို ဖွဲ့နိုင်ဖို့ ကျနော်တို့ ညီလာခံကနေ ဆုံးဖြတ်နိုင်ခဲ့တာပါ။” ဟု ညီလာခံဖြစ်မြောက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆရာနောင်ချိုက ပြောသည်။

ထို့နောက် ပထမအကြိမ်ညီလာခံမှထွက်ပေါ်လာသည့် တောင်းဆိုချက်များကို သက်ဆိုင်ရာအဖွဲ့များသို့ တိုက်တွန်းတောင်းဆိုခြင်း၊ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း အတွက်လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များ၊ ဖွဲ့စည်းပုံများ ပြင်ဆင်ရေးဆွဲခြင်းနှင့် လာမည့် ဒုတိယအကြိမ်ညီလာခံတွင် တင်ပြ ခြင်းတို့အတွက် ညီလာခံ၏လတ်တလော လုပ်ငန်းစဥ်များ အကောင်အထည်ဖော်ရေးအဖွဲ့ က လုပ်ဆောင်သွားမည်ဟူ၍လည်း ရှင်းလင်းပွဲတွင် ရှင်းပြပြောဆိုသွားသည်။

တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်း CDM များ၏ အင်အားကိုစုစည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့နှင့်ပူးပေါင်းပြီး တော်လှန်ရေးတိုး တက်ကောင်းမွန်အောင် စနစ်တကျပြင်ဆင်ထားနိုင်ရန်မှာ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း ပေါ်ပေါက်လာပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကော်မတီ၏ နောက်ထပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာလွမ်းဝေကလည်း ပြောသည်။

၎င်းက “အခုချိန်အထိ လုံခြုံရေးအရရော၊ ချိတ်ဆက်ရမယ်မှန်းမသိလို့ရော ဖြစ်နေတဲ့ CDM နိုင်ငံ့ဝန်ထမ်းတွေ အများကြီးရှိနေပါသေးတယ်။ ဒီဝန်ထမ်းတွေကို ကျနော်တို့ဘယ်လိုစည်းရုံးကြမလဲ၊ သူတို့ရဲ့လုပ်အားတွေကိုတော်လှန်ရေးထဲမှာ ဘယ်လိုပေါင်းထည့်ကြမလဲ၊ သူတို့ရဲ့အခက်အခဲတွေကိုရော ဘယ်လို စုပေါင်းပြီးဖြေရှင်းကြမလဲပေါ့ ဒါတွေက လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ပေါ်ပေါက်လာပြီးမှသာ ဖြစ်နိုင်မယ်။ စုဖွဲ့ပြီးသွားပြီဆိုရင်တော့ ရှိသမျှ CDM နိုင်ငံ့ဝန်ထမ်း ထုတစ်ရပ်လုံးရဲ့အင်အားတွေကို စုစည်းပြီး တိုက်ပွဲဖော်ဆောင်နိုင်ဖို့က ကျနော်တို့ရဲ့ ပထမဆုံးလုပ်ငန်းစဥ် ဖြစ်လာပါလိမ့်မယ်။” ဟု ပြောသည်။

ပထမအကြိမ်ညီလာခံအား CDM နိုင်ငံ့ဝန်ထမ်းများ၏ ရပ်တည်ချက်၊ ရည်မှန်းချက်နှင့် မျှော်မှန်းချက် များကို ထုတ်ဖော်ရန်၊ ဝန်ထမ်းများ၏အကျပ်အတည်းများနှင့်ပတ်သက်၍ သုံးသပ်ချက်နှင့် တိုက်တွန်း ချက်များကို ထုတ်ပြန်နိုင်ရန်၊ ဝန်ထမ်းများ၏ တော်လှန်းတွင်အရေးပါပုံ၊ ထိရောက်ပုံများအား နိုင်ငံတ ကာအသိုင်းအဝိုင်းမှ နားလည်သဘောပေါက်ရန် အစရှိသော ရည်ရွယ်ချက်(၅)ချက်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပညာရေးနှင့်ကျန်းမာရေးဌာနမှ CDM ဝန်ထမ်းများပါဝင်သည့် CDM လှုပ်ရှားမှုနှင့် တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ- CDM society မှ စတင်ကာ မီးရထားနှင့် စိုက်ပျိုးရေး CDM ဝန်ထမ်းများ ထပ်မံပူးပေါင်းပါဝင်လာမှုမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃) ရက် နေ့တွင် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံဖြစ်မြောက်ရေး ကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါသတင်းစာရှင်းလင်းပွဲအရ သိရသည်။