Home တွေ့ဆုံမေးမြန်းခန်း ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်တွေ့ဆုံညှိနှိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်တွေ့ဆုံညှိနှိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

772

သူတို့ လစာကိုစားရင် သူတို့အလုပ်ကို လုပ်ပေးရမှာပေါ့။ သူတို့လစာမစားတော့ရင် ကျနော်တို့အလုပ်ကိုပဲ ကျနော်တို့ ပြန်လုပ်တာပေါ့။’ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်

BGF ဥက္ကဋ္ဌ ဗိုလ်ချုပ် စောထွန်းလှိုင်

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ထံ ရိက္ခာနှင့် လစာ ကို ဆက်မယူတော့ဘဲ သီးသန့်ရပ်တည်တော့မည်ဖြစ်ကြောင်း အသိပေးတင်ပြသည့်ကိစ္စနှင့်ပတ်သက်၍ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ဖားအံသို့ ရောက်ရှိလာပြီး BGF ထိပ်သီး ခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့်ပတ်သက်၍ BGF ၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ် စောထွန်းလှိုင်အား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မနေ့က ဖားအံမှာ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှာ ဘယ်လို ရလဒ်မျိုးထွက်ရှိပါသလဲ။ ညှိနှိုင်းမှုက အဆင်ပြေသွားလား။
ဖြေ။ ။ အဆင်ပြေသွားတယ်လို့ ပြောလို့မရဘူး။ ကျနော်တို့ဘက်ကတော့ ရိက္ခာ/လစာ မယူတော့ဘူးဆိုတဲ့အကြောင်းကိုပဲ တင်ပြခဲ့ပါတယ်။ ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေထဲမှာပဲ နေမယ်ပေါ့၊ အဲလိုပြောတယ်။ ကျနော်တို့က တဆင့်ချင်းသွားမယ်ပေါ့နော်။ ကျနော်တို့မှာ မိတ်ဆွေတွေ အဖက်ဖက်မှာ ရှိသေးတယ်လေ။ ကျနော်တို့ဘက်က ပြောတယ်။ ကျနော်တို့တွေ အတူတကွ ပူးပေါင်းလုပ်ဆောင်တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီးဆိုတော့ ကျနော်တို့ သီးသန့်နေထိုင်ပြီး တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်တာတွေ မလုပ်တော့ဘူးပေါ့နော်။ အခြားဟာတွေ ထွေထွေထူးထူး ပြောတာမရှိတော့ဘူး။ သူ့ဖက်က ပြောတာက အရင်လို ပိုနေမြဲကျားနေမြဲ နေပေါ့။ ကျနော်တို့လည်း နားထောင်တာကလွဲပြီး ဘာမှအများကြီးမပြောပါဘူး။

မေး။ ။ သူ့ဖက်က အတိအကျ ဘယ်လိုပြောဆိုတာတွေ ရှိပါသလဲ။
ဖြေ။ ။ သူတို့ကတော့ အခုနေရာအတိုင်း ဆက်နေပေးဖို့။ ဆိုလိုတာက ရိက္ခာ/လစာတွေကို ဆက်ယူပါပေါ့။ ကျနော်တို့ဘက်ကတော့ အတူတူပူးပေါင်းလုပ်ဆောင်တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီး အနားယူချင်တယ်ပေါ့။ ကျနော်တို့အချင်းချင်း ပစ်ကြ၊ ခတ်ကြတာတွေကို မလိုလားတော့ဘူးပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့သူတစ်ဦးအနေနဲ့ပဲ နေမယ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် လိုက်လံပစ်ကြ၊ ခတ်ကြတာကို ကျနော်တို့ မနေချင်တော့ဘူးပေါ့။

မေး။ ။ ဗိုလ်ချုပ်တို့အနေနဲ့ သူတို့ဆီက ရိက္ခာနဲ့ လစာကို ဆက်မယူတော့ဘဲ သီးသန့် ရပ်တည်မယ်လို့ ဘယ်လိုကြောင့် ဆုံးဖြတ်ဖြစ်ကြတာလဲ။
သူတို့ လစာ မစားတော့ရင် သူတို့ အလုပ်ကို လုပ်ပေးစရာမလိုတော့ဘူးပေါ့။ သူတို့လူဖြစ်ရင် သူတို့ လစာကိုစားရင် သူတို့အလုပ်ကို လုပ်ပေးရမှာပေါ့။ သူတို့လစာမစားတော့ရင် ကျနော်တို့အလုပ်ကိုပဲ ကျနော်တို့ ပြန်လုပ်တာပေါ့။ အဲဒါပဲ ကျနော်တို့ ပြောတယ်။

မေး။ ။ သူတို့အလုပ်ကို ဗိုလ်ချုပ်တို့ လုပ်ပေးရတယ်ဆိုတဲ့အပိုင်းက ဘာတွေအဓိက လုပ်ပေးရတာလဲ နည်းနည်းလောက် ထပ်ရှင်းပြပေးပါအုံး။
ဖြေ။ ။ သူတို့ တပ်ရိက္ခာတွေကို သွားပို့ခိုင်းရင် သွားရတာပေါ့။ သူတို့ လစာမစားရင် ခိုင်းလည်း မသွားလည်းရတယ်လေ။ သူများ လစာစားပြီး သူများခိုင်းလာလို့ ကိုယ်မလုပ်ရင် တာဝန်မကျေသလို ဖြစ်တယ်လေ။ ကျနော်တို့ တပ်မှူး၊ တပ်သားတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့တွေ အတူတူ အလုပ်လုပ်တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ ကျနော်တို့ ကိုယ်ဘာသာကို ရပ်တည်ပြီး ငြိမ်းချမ်းရေးကိုပဲ လုပ်သွား မယ်ပေါ့နော်။ DKBA၊ ကေအဲန်ယူ ၊ ဗိုလ်ဘိ( ခွဲထွက် DKBA)နဲ့ ကျနော်တို့ အချင်းချင်း ပြန်တိုက်ရခိုက်ရ တဲ့ကိစ္စက ဆက်မလုပ်ချင် တော့ဘူးပေါ့နော်။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့တွေ ဒီလိုလုပ်ရင် ကျနော်တို့ ပြည်သူတွေလည်း ဘယ်သူ့ကို သွားအားကိုးရမှန်းမသိဘူး။ အဲဒါကြောင့် ကျနော်တို့ အချင်းချင်းကြားမှာ ပြန်ပြီး ပစ်ကြ၊ ခတ်ကြတာတွေ မလုပ်ချင်တော့ဘူး။

မေး။ ။ မနေ့က အစည်းအဝေးမှာ ဗိုလ်မှူးချစ်သူကို ဗိုလ်မှူးချုပ် ရာထူးတိုးပေးလိုက်တယ်လို့ ပြောဆိုကြတာရှိတယ်ပေါ့နော်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောပေးပါအုံး။
ဖြေ။ ။ ကျနော်တို့ BGF စဖြစ်တုန်းကတော့ အဲဒါကို ကျနော်တို့ တောင်းဆိုတာရှိပါတယ်။ စစ်တပ် တစ်ခုဆိုတာ ကိုယ့်တပ်မှူးတပ်သားတွေကို စီမံကွပ်ကဲနိုင်ဖို့ ရာထူးရာခံလိုတယ်ပေါ့။ အဲဒါကို ကျနော်တို့ တောင်းခဲ့တာရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူတို့ ဘာမှမပေးပါဘူး။ အခုမှ လာပေးမယ် ဆိုတော့ ယူစရာမလိုအပ်တော့ဘူးလေ။ ကျနော်တို့ အလုပ်လုပ်တာ ရာထူးရာခံလိုလားလို့ အလုပ်လုပ်တာမဟုတ်ဘူးလေ။ ရာထူးရာခံမရှိလည်း ကျနော်တို့ လုပ်နိုင်ပါတယ်။ အရင်က သူများပြောတာပေါ့။ စစ်တပ်ဆိုတာ ရာထူးရာခံ အဆင့်ဆင့်ရှိဖို့လိုတယ်လို့ ပြောတယ်။ သူတို့မပေးဘူး။ ကျနော်တို့လည်း အလိုမရှိတော့ပါဘူး။

ဥပမာ တပ်ဖွဲ့ဝင်အင်အား တစ်သောင်းလောက်ရှိရင် ဗိုလ်မှူးချုပ် ရာထူးအဆင့်လောက်တော့ ပေးသင့် တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီး မတောင်းဆိုတော့ သူတို့လည်း ဆက်မပြောတော့ဘူးပေါ့။ စာထဲက ကျနော်တို့ တင်ပြထားတဲ့အချက်အရ ကျနော်တို့တွေ အတူတူပူးပေါင်းလုပ်ဆောင်တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ နားလည်ပေးသင့်တယ်ပေါ့နော်။ အရင်ကလည်း ကျနော်တို့ BGFကို လုပ်ချင် တာမဟုတ်ဘူး။ ခင်ဗျားတို့ အတင်းလုပ်ခိုင်းလို့ လုပ်ရတာဖြစ်တယ်။ ကျနော်တို့ လုပ်တာလည်း DKBA ကနေ BGF အထိ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။

မေး။ ။ မနေ့က တွေ့ဆုံမှုအပြီး သူတို့ အချင်းချင်း ရာထူးတာဝန် ရပ်စဲလိုက်တာတွေဖြစ်လာတာရှိ တယ်လို့ သတင်းထွက်ပေါ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပေးလို့ရမလား။
ဖြေ။ ။ အဲဒါက ကျနော်တို့ကို လာပြီး ချော့သိမ့်တာ၊ စည်းရုံးတာကို ကျနော်တို့ဘက်က နားမထောင် တော့ဘူး။ ဆက်မလုပ်တော့ဘူး။ နှစ် ၃၀ အထိပဲ လုပ်မယ် အဲလိုပြောတယ်လေ။ သူက BGF ညွှန်ကြားရေးမှူး (ဗိုလ်ချုပ် သက်ပိုင်ဦး)ပါ၊ ကျနော်တို့ကို ပြန်ပြီးစည်းရုံးလို့ မရတော့ သူ့ကို ပေးနားလိုက်တာဖြစ်တယ်။ သူပြောတာကို ကျနော်တို့ နားမထောင်တော့ဘူးလေ။

မေး။ ။ နောက်တစ်ခုက KNU တပ်မဟာ ၅ ၊ တပ်မဟာ ၇ မှာရှိတဲ့ BGF တပ်ဖွဲ့ဝင် ပြန်လာပြီး ဌာနချုပ်မှာ ပြန်စုဖွဲ့တာတွေရှိတယ်လို့ ဓာတ်ပုံတွေ ထွက်လာတာတွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပေးပါအုံး။
အဲဒါက ကိုယ့်နေရာနဲ့ကိုယ်ပဲ နေကြတယ်ပေါ့နော်။ ကျနော်တို့အတွက် ဆောက်ပေးထားတဲ့စခန်းတွေက သူတို့ နေရာမှမဟုတ်တာ။ ကရင်ပြည်နယ်မှာ လာပြီးဆောက်လုပ်ပေးတဲ့စခန်းဖြစ်တဲ့အတွက် ကျနော် တို့ အထဲမှာပဲ နေတယ်ပေါ့။ စစ်တပ် အိမ်မှမဟုတ်တာ၊ ကျနော်တို့ အိမ်လေ။ ဆောက်ပေးတော့ ကျနော်တို့ အထဲမှာနေတာပေါ့။

မေး။ ။ အခုသတင်းတွေ ထွက်ပေါ်လာတာက BGF တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်နဲ့အတူ မနေကြတော့ဘူးဆိုတဲ့ အခြေအနေအပေါ်မှာကော။
ဖြေ။ ။ ပြောရမယ်ဆိုရင် ဖူးထင်မောင်( ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ဥက္ကဋ္ဌ) လုပ်သလိုမျိုးပဲလေ။ ပစ်ကြခတ်ကြမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘာမှ လုပ်လို့မရဘူး။ သူတို့ ပစ်ချင်ခတ်ချင်ရင် လုပ်ကြပေါ့နော်။ ကျနော်တို့ကတော့ မလုပ်တော့ဘူး။ အဲလိုပဲ ပြောခဲ့တယ်။ အရင်က ကျနော်တို့ DKBA တစ်ခါဖြစ်ခဲ့ပြီးပြီ၊ ပြီးတော့ နယ်ခြားစောင့်တပ် ပြန်ဖြစ်တော့ တစ်ခါ ပြန်ပြီး ပစ်ကြ ခတ်ကြပြန်တယ်။ ဒီလိုအဖွဲ့အစည်းတွေ ပစ်ကြခတ်ကြမယ်ဆိုရင် ပြည်သူတွေလည်း ဘယ်သူ့ကို အားကိုးရမှန်းမသိတော့ဘူးလေ။

မေး။ ။ ဒီလို သီးသန့် ရပ်တည်မယ်ဆိုရင် စစ်ကောင်စီဘက်ကကော လက်ခံနိုင်ပါ့မလား။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ ပြဿနာရှာလာနိုင်လား။
ဖြေ။ ။ ပြဿနာမရှာလောက်တော့ဘူးထင်တယ်။ ပြဿနာရှာမယ်ဆိုရင်တော့ သူတို့ အလုပ်များလာမယ်ဆိုတာ သူတို့လည်းတွက်ချက်နိုင်မယ်ထင်တယ်။ အခုဆို သူတို့ကိုယ်သူတို့ ပြန်ကာကွယ်ရတဲ့အပိုင်းတွေလည်း အများကြီးရှိတယ်လေ။

မေး။ ။ အကယ်၍များ BGF တပ်ဖွဲ့အနေနဲ့ ဆက်လက်ပြီး မရပ်တည်ဘူးဆိုရင် ၊ အဖွဲ့အစည်းနာမည် ပြောင်းဖို့၊ ပြုဖို့ကောရှိလာမလား။
ဖြေ။ ။ အခုလောလောဆယ်ကတော့ ကျနော်တို့ တစ်ဆင့်ချင်းပဲ သွားမယ်လေ။ တစ်ခါထဲသွားဖို့က ကျနော်တို့တွေ လူပျိုလူလွတ်မှမဟုတ်တာ။ ကလေးတွေရှိတယ်။ မိန်းမတွေ ရှိတယ်။ တဖြည်းဖြည်းနဲ့ ဖြည်သွားရတာပေါ့။ တခါတည်း ဖြည်လိုက်မယ်ဆိုရင် ကိုယ့်အတွက် မလွယ်ကူဘူးပေါ့နော်။ ကျနော်တို့ တစ်ဆင့်ချင်းသွားရပါမယ်။ မဟုတ်မမှန်တာတွေ လုပ်မယ်ဆိုရင် တတ်နိုင်သလောက် ကျနော်တို့ လူတွေနဲ့ ဆွေးနွေးတိုင်ပင်ရတာပေါ့။ လူသားတွေဆိုတာက စကားကိုတော့ ကျနော်တို့ အကုန်ပြော လို့မရဘူးပေါ့နော်။ အကောင်းဆုံး ပြောပြရတာပေါ့။ လူကြီးတွေနဲ့ လိုက်လံဖြေရှင်း တာတွေလုပ်တယ်။ အကောင်းဆုံးနည်းလမ်းတစ်ခုကို ကျနော်တို့ လုပ်ကြရတာပေါ့။

မေး။ ။ ဒုစစ်ခေါင်းဆောင် လာရောက်တွေ့ဆုံမှုမှာ အချို့က ပြောတာက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကာစီနိုလောင်းကစားဝိုင်းကိစ္စတွေကို ပြောဆိုခဲ့တယ်လို့ ပြောတယ် ။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။
ဖြေ။ ။ သူပြောတာက ဒီတရားမဝင်အလုပ်တွေကို မလုပ်ဖို့၊ ကျနော်က မလုပ်ဘူးလေ။ ဗိုလ်မှူးချစ်သူတို့ ပြောတာက အရင်က ရန်ကုန်၊ မန္တလေးမှာ မြေကွက်တောင်းပြီး အပန်းဖြေရန် နေရာတွေကို တောင်းတာ တစ်ခုမှ မပေးဘူး။ မပေးတဲ့အတွက် ဖြတ်လမ်းအလုပ်တွေပဲ လုပ်ရတာပေါ့။ အရင်က ကျနော်တို့ သိတာက ကာစီနိုအဆင့်ပဲ။ နောက် ဒါတွေ ဖြစ်လာတယ်ဆိုတာ ကျနော်တို့လည်း နားမလည်ဘူး။ သူတို့ ရုံးမှာ လာထိုင်ပြီး ကျားဖြန့် လုပ်ငန်းလာလုပ်တယ်ဆိုတာ ကျနော်တို့လည်း ဘယ်နားလည်ပါ့မလဲ။ ကျနော်တို့ကလည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်တွေကို ပေးမဝင်တော့ဘူး။ ပြန်လွှတ်လိုက်တယ်။ ကျနော်တို့ သွားခေါ်တာလည်းမဟုတ်ဘူး။ သူတို့ ဖာသာသူတို့လာကြတာ။ ထိုင်းဘက်ခြမ်းကနေ ခိုးကူးလာတယ်။ ခိုးကူးလာပြီးတော့ ထိုင်းနိုင်ငံကလည်း ကျနော်တို့ နိုင်ငံအဆင့်အတန်းထက်ကြီးမားတဲ့အတွက် မကောင်းတာကို ကျနော်တို့ထက် ပိုသိသင့်ပါတယ်။

သံရုံး(တရုတ်)ကို လာတိုင်ကြားလာတဲ့အပေါ်မှာ သံရုံးက အမည်စာရင်းတွေ လာပေးပြီး သူတို့ကို ပြန်ပို့ပေး နေဆဲဖြစ်ပါတယ်။ တရုတ်ဆိုလည်း နာမည်ဘယ်သူဘယ်ဝါပေါ့။ ထုတ်ပေးတယ်။ ကျနော်တို့ကို နာမည်စာရင်း မပေးနိုင်တဲ့သူကျတော့ အချို့နိုင်ငံခြားသားတွေဆိုလည်း သူတို့ နိုင်ငံအစိုးရမသိဘဲ ခိုးလာတာလည်းရှိတယ်။ ကျနော်တို့လည်း နာမည်တွေ မသိဘူးလေ။ သူတို့ မပြောပြနိုင်ရင် ကျနော်တို့လည်း ပြန်ပေးလို့ ရပါ့မလားပေါ့နော်။ အချို့ဆို ပြန်လို့လည်းမရဲဘူး။

တဖြည်းဖြည်းနဲ့ ကြည့်ပို့ပေးရတာပေါ့။ ပြီးခဲ့တဲ့ရက်တုန်းကလည်း ဗိုလ်မှူးချစ်သူနဲ့ ဗိုလ်မှူးတင်ဝင်းတို့ အယောက် ၁၄၈၀ သွားပို့လိုက်တယ်။ နာမည်စာရင်းရှိထားတဲ့သူတွေပေါ့နော်။ ရန်ကုန် သံရုံးကို ပြန်ပို့လိုက်တယ်ပေါ့။ သူတို့ လာတုန်းက ဒီဖက်လာတာမှမဟုတ်တာ၊ ထိုင်းနိုင်ငံဘက်ခြမ်းက လာတာ ၊ ထိုင်းဘက်က ပို့လာတာ။ ဒီကလူတွေလည်း သိတာက အလုပ်လာလုပ်တာပဲ သိတယ်။ လက်ခံတယ်။ နောက်ဆုံးကျမှ အလုပ်လုပ်တာ အဆင်မပြေတော့တဲ့အတွက် သူတို့ နိုင်ငံကို ပြန်ဖို့၊ နာမည်စာရင်း တင်ပြလာတဲ့အပေါ်မှာ ပြန်ပို့ပေးရတာပေါ့။

မေး။ ။ ဟုတ်ကဲ့။ အခုဖြစ်ပေါ်လာအခြေအနေအပေါ်မှာ ကာစီနိုလုပ်ငန်း၊ ကျားဖြန့်လုပ်ငန်း လည်ပတ်မှုအခြေအနေတွေကော ဘယ်လိုရှိနေပါသလဲ။
ဖြေ။ ။ အခုလောလောဆယ်က နာမည်ထွက်ပေါ်လာတဲ့သူတွေကို တဖြည်းဖြည်းချင်း ပြန်ပို့ပေးရတာပေါ့။ အခုအများစုက ပြန်ပို့လိုက်တာပဲ။ ပေးမဝင်တော့ဘူး။ လုပ်ငန်းတွေက လည်ပတ်နေလား၊ မလည်ပတ်တော့ဘူးလားဆိုတာကတော့ မသိရဘူး။ ကျနော်တစ်ခါမှ မရောက်ဖြစ်ဘူး။ အချို့တွေကတော့ ဆက်လုပ်မယ်ထင်တယ်။ ကျနော်လည်း မပြောတတ်ဘူး။