ဇန်နဝါရီလ ၆ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ နေ့ လည် (၂)နာရီဝန်းကျင်အချိန်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးသွားကြောင်း နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။
၎င်းကော့ကရိတ်မြို့တွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားနေပြီး နှစ်ဖက်ပစ်ခတ်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေကာ ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု (၇) ဦးအထိရှိခဲ့ ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။
“ကော့ကရိတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနေရာတော်တော်များများမှာရှိနေတယ်။ ကျနော်တို့ နေတဲ့နေရာနဲ့ စစ်ကောင်စီရှိတဲ့နေရာက လှမ်းမြင်နေရတယ်။ တိုက်ပွဲကအမြဲလိုလိုဖြစ်တယ်။ ဒီနေ့မှာလည်း ရဲစခန်းမှာ တိုက်ပွဲ ဖြစ်တာ စစ်ကောင်စီဘက်က ၇ ဦးသေသွားတယ်”ဟု ကေအိုင်စီသို့ယမန်နေ့က ပြောသည်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့များသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာလျှင် လက်နက်ကြီးများဖြင့် အနီးဝန်ကျင်နှင့် ကျေးရွာများဘက်သို့ ပြန်လည် တုန့်ပြန်၍ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ယနေ့တွင်လည်း လက်နက်ကြီး အဆက် မပြတ်ပစ်ခတ်သံများ ကြားနေရကြောင်း ကော့ကရိတ်မြို့ဒေသခံများကပြောသည်။
ကော့ကရိတ်ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်က သူ့လူတွေထိခိုက်သေဆုံးတာများပြီးဆိုရင် လက်နက်ကြီး တွေ ရမ်းသမ်းပစ်ခတ်နေတာပဲ။ ဒီနေ့ဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီ တပ်တွေထိခိုက်သေဆုံးတာများ တယ် ကြားတယ်။ လက်နက်ကြီး သံတော့ အခုထိပစ်ခတ်နေတုန်းပဲ”ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့သည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ရက်နေ့က စတင်ဖော်ဆောင် နေပြီး ယနေ့အချိန်ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
မြို့တွင်းတိုက်ပွဲဖြစ်ပွားမှုတွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးသူအများအပြားရှိနေပြီး သောင်းနှင့်ချီသည့် ကော့ကရိတ်မြို့ဒေသခံများလည်း နီးစပ်ရာ ကျေးရွာနှင့် မြို့ပေါ် ဒေသများသို့ နေရပ်စွန့်ခွား ထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားသည့် အကူအညီများလည်း ဆက်လက် လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီ သူများထံမှ သိရသည်။



















