Home ဆောင်းပါး ကရင့်တော်လှန်ရေးနဲ့ ဆရာကြီး စကောလယ်တော (၁၉၁၅ -၁၉၈၉)

ကရင့်တော်လှန်ရေးနဲ့ ဆရာကြီး စကောလယ်တော (၁၉၁၅ -၁၉၈၉)

1284
Photo: KNU

ကရင့်တော်လှန်ရေးနဲ့ ဆရာကြီး စကောလယ်တော (၁၉၁၅ -၁၉၈၉)

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်)

ဒီနှစ် (၂၀၂၄ခုနှစ်)၊ ဒီလ (ဇန်နဝါရီလ) ဟာ ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတု အခါသမယပဲ ဖြစ်ပါ တယ်။ ဒီကာလအတောအတွင်းမှာ ကရင့်တော်လှန်ရေး ဖြတ်သန်းလာခဲ့တဲ့ ၇၅နှစ်တာ ကာလရှည်ကြီးထဲမှာ ခေတ်ကာ လအလိုက် ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ ခေါင်းဆောင်များ၊ လက်တွေ့ကိုင်စွဲချမှတ်ကျင့်သုံးခဲ့ကြတဲ့ လမ်းစဉ်၊ လုပ်ငန်းစဉ်၊ ပေါ်လစီများကို လက်လှမ်းမီရာစာအုပ်တွေထဲကနေ ဟိုဟိုဒီဒီ ပြန်လှန်ရှာဖွေ ဖတ်ရှုနေမိပါတယ်။

“ခေါင်းဆောင်မှု” ဆိုတာ ခေတ်ကာလအပိုင်းအခြားအလိုက် ဦးစီးဦးဆောင်ပြုခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေ၊ လမ်းစဉ် ပေါ်လစီတွေနဲ့ လက်တွေ့ပြုမူလုပ်ဆောင်ချက်တွေကို စုစည်းထားခေါ်ဆိုထားတာပဲ မဟုတ်ပါလား။ ပင်လယ်ပြင်ကို ဖြတ်နေတဲ့ သင်္ဘောတစ်စီးပမာ စဉ်းစားကြည့်မယ်ဆိုရင်တော့ မာလိန်မှူး၊ ရေကြောင်းပြနဲ့ အတူတကွ ခုတ်မောင်း လှော်ခတ်ကြမယ့် အဖွဲ့ဝင်အဖွဲ့သားတွေနဲ့ တူပါလိမ့်မယ်။ တိကျမှန်ကန်တဲ့ ဦးတည်ချက်မရှိဘဲ ရောက်ရာပေါက်ရာ ခုတ်မောင်းလှော်ခတ်နေမယ်ဆိုရင်တော့ တဝဲလည်လည်ဖြစ်ပြီး အဆုံးမှာ ပင်လယ်ကြီးထဲ နစ်မြုပ်သွားမှာပါပဲ။

ဒီလိုပါပဲ တော်လှန်ရေးဆိုတဲ့ မိုးသက်မုန်တိုင်းထဲမှာ သို့မဟုတ် တော်လှန်ရေးမီးပင်လယ်မှာ ဖြတ်သန်းကြတဲ့ အခါမှာလည်း ဖြောင့်မတ်တည်ကြည်တဲ့ ဦးစီးတဲ့ ခေါင်းဆောင်တွေ၊ တော်လှန်ရေးအတွေးအခေါ်နဲ့ လမ်းစဉ် ပေါ်လစီ တွေ တိကျခိုင်မာစွာရှိဖို့ လိုအပ်ပါတယ်။ ထို့အတူ မိမိတို့အားလုံးက အတူတကွ ဆုံးဖြတ်ချမှတ်ထားတဲ့ လမ်းစဉ်ပေါ်လစီ တွေကို ကျရာတာဝန်အလိုက် မဆုတ်မနစ် လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်ကြမှသာ မိမိတို့ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်လိမ့်မယ် မဟုတ်ပါလား။

ကရင့်တော်လှန်ရေးဟာ ၇၅နှစ်တာ ခရီးကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဖြတ်သန်းခဲ့၊ ဖြတ်သန်းနေပါပြီ။ မျိုးဆက်တစ်ဆက်ကို အကြမ်းဖျင်း နှစ် ၂၀ ထားပြီး တွက်ချက်ကြည့်မယ်ဆိုရင် မျိုးဆက် ၄ဆက် ဖြတ်သန်းလာခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ကရင့်လက်နက်တော်လှန်ရေး ၇၅နှစ်တာ ခရီးစဉ်ထဲမှာ (၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့) လက်နက်ကိုင် တော်လှန်ရေးစလျှင်စခြင်း ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို တန်းစီကြည့်လိုက်တော့ အရှေ့တိုင်းသို့ ဆုတ်ခွာခဲ့ကြတဲ့အစုထဲမှာ စောဘဦးကြီး၊ ပအိုဝ်း ဦးလှဖေ၊ စကောဝါးခို(စောဖိုးချစ်)၊ ပဒိုဝီရီကျော်၊ ပဒိုစုမော်လွီး၊ ပဒို ဘထွန်း၊ ဂျွန်ဆင်ဒီဖိုးမင်း၊ စောစိန်တင်၊ စောဖိုးမောင် တို့ ပါဝင်တာတွေ့ရပြီး၊ မြစ်ဝကျွန်းပေါ်တိုင်းသို့ ဆုတ်ခွာခဲ့ကြတဲ့ အစုထဲမှာတော့ ဗိုလ်ချုပ်စိုင်းကေ၊ မန်းဘဇန်၊ စကောလယ်တော၊ မန်းသိန်း၊ ဆရာသာမြိုင် (မန်းရှန်ဖလေ့)တို့ ပါဝင်နေ တာကို ကရင့်သမိုင်းစာအုပ်တွေထဲမှာ တွေ့ရပါတယ်။

အဓိကခေါင်းဆောင်ဖြစ်တဲ့ ဥက္ကဋ္ဌ စောဘဦးကြီးဟာ ၁၉၅၀ပြည့်နှစ်၊ ဩဂုတ်လ ၁၂ရက်နေ့မှာ ကျဆုံးသွားပါ တယ်။ တစ်နည်းအားဖြင့် ဥက္ကဋ္ဌ စောဘဦးကြီးဟာ ကရင့်တော်လှန်ရေးကို လပေါင်း ၂၀ နီးပါးလောက်သာ ခေါင်းဆောင် မှု ပေးခဲ့ရတာပါ။

ဒါ့အပြင် ကရင့်တော်လှန်ရေးကို စနစ်တကျ ပြန်လည်စုဖွဲ့မှုနဲ့ ခေါင်းဆောင်မှုကို (KNUP)ကေအဲန်ယူပါတီ ပထမအကြိမ် ပါတီကွန်ဂရက်ကနေ ချမှတ်နိုင်ခဲ့ကြပါတယ်။ ပထမအကြိမ်ကွန်ဂရက်ကို ၁၉၅၉ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ကျင်းပပါတယ်။ (KNUP) ကေအဲန်ယူပါတီရဲ့ ပထမအကြိမ်ကွန်ဂရက်ကနေ ပေါ်လစ်ဗြူရို (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ၆ဦး၊ ဗဟိုကော်မတီ ၉ဦးနဲ့ အရန်ဗဟိုကော်မတီ ၁၀ဦး၊ စုစုပေါင်း ၂၅ဦးကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။ (KNUP) ကေအဲန်ယူပါတီ ပထမအကြိမ် ကွန်ဂရက်ကနေရွေးချယ်တဲ့ ပထမဆုံးဥက္ကဋ္ဌဟာ စောဟန်တာသာမွှေးဖြစ်ပါတယ်။ အတွင်းရေးမှူးက မန်းဘဇန်ဖြစ်ပါတယ်။

ဒါဟာ လက်နက်ကိုင်တော်လှန်ရေး စတင်ပြီး ၁၀နှစ်အကြာမှာ စုစည်းနိုင်တဲ့ ခေါင်းဆောင်မှုနဲ့ စုဖွဲ့မှုဖြစ်ပါ တယ်။ အဲဒီခေါင်းဆောင်မှုထဲမှာ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ပါဝင်တဲ့ ဆရာကြီးစကောလယ်တောနဲ့ပတ်သက်ပြီး တင်ပြပါ့မယ်။

ကွယ်လွန်သူ (ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်) ပဒိုမန်းရှာလားဖန်းက “ခေါင်းဆောင်ဆိုတာ အသိ အမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်” လို့ ဆိုပါတယ်။

Photo: KNU

ဆရာကြီးစကောလယ်တောဟာ ပဒိုမန်းရှာပြောတဲ့ “အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိသူ ဖြစ်ပါ တယ်။ ဆရာကြီးစကောလယ်တောရဲ့ သမိုင်းဖြတ်သန်းမှုဟာ ရှိတာမှ နဲနဲနောနောမဟုတ်၊ ထုနဲ့ဒယ်နဲ့ ကြီးကြီးမားမား ကို ရှိတာပါ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုသမိုင်းဖြတ်သန်းမှုမျိုးလည်းဆိုတာကို လေ့လာကြည့်ကြပါစို့။

အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုဆိုတာ ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲ။
ပထမဦးစွာ ဆရာကြီးစကောလယ်တော တစ်သက်တာကို လေ့လာကြည့်ဖို့ လိုပါတယ်။ ဆရာကြီးဟာ ဘယ်လို မွေးဖွားလာပြီး ဘယ်လိုအသက်ရှင် နေထိုင် ဖြတ်သန်းသွားသလဲ။ နောက်ဆုံး သူဘယ်လိုကွယ်လွန်သွားသလဲ ဆိုတဲ့ အပိုင်းတွေကို လေ့လာကြရမှာပါ။

ဆရာကြီးစကောလယ်တော (၁၉၁၅ -၁၉၈၉)
ဆရာကြီးစကောလယ်တောဟာ ၁၉၈၉ခုနှစ်၊ မတ်လ ၇ရက်နေ့ အသက် ၇၄နှစ်အရွယ်မှာ ကွယ်လွန်တယ်လို့ လေ့လာသိရှိရပါတယ်။ ဒီအချက်ကို မူတည်ပြီး ဆရာကြီးဟာ ၁၉၁၅ခုနှစ်မှာ မွေးဖွားတာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ငယ်နာမည်ဟာ စောထောယေ ဖြစ်ပြီး ဇာတိက တောင်ငူခရိုင်၊ ကျောက်ဖျာကျေးရွာလို့ သိရပါတယ်။

ဒီတော့ ကျနော်တို့ဟာ ဆရာကြီး မွေးဖွားတဲ့ ၁၉၁၅ခုနှစ်ကနေ ကွယ်လွန်တဲ့ ၁၉၈၉ခုနှစ်အထိ သမိုင်းကာလကို လေ့လာကြရမှာပါ။ ဒီကာလအပိုင်းအခြားမှာ ဆရာကြီး ဘယ်လိုနေထိုင်သွားသလဲ။

ဆရာကြီးဟာ ဗြိတိသျှ ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးခေတ်တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖြတ် သန်းခဲ့သူဖြစ်တယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် မရှေးမနှောင်းမှာပဲ ကရင့်တော်လှန်ရေးထဲ ပါဝင်ဖြတ်သန်းခဲ့တာ နောက်ဆုံးကွယ်လွန်တဲ့အထိပါပဲ။ ဆရာကြီးရဲ့တစ်သက်တာဟာ တော်လှန်ရေးနဲ့စစ်ကို ဖြတ်သန်းသွားရတဲ့ တစ်သက် တာပါပဲ။ ဆရာကြီး ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး ကောင်းစွာ သိရှိသွားခဲ့သူလည်းဖြစ်ပါတယ်။

ဆရာကြီးဟာ ဖဆပလအုပ်စိုးသူများခေတ်၊ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ တော်လှန်ရေးကောင်စီ ဆိုသောခေတ်၊ (မဆလ) တစ်ပါတီစနစ်တို့ရဲ့ နောက်ဆုံးနိဂုံးပိုင်းကို ကောင်းစွာ သိမီသွားခဲ့သူပါပဲ။

ဆရာကြီးရဲ့ငယ်စဉ်ဘဝ ပညာသင်ကြားရမှုဟာ အင်မတန်ချို့တဲ့ပါတယ်။ သို့သော်လည်း ဆရာကြီးဟာ ဘွဲ့ရ ပညာတတ်တစ်ဦးဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒကို ထက်ထက်သန်သန် ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားအကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။ ကျောင်းသားဘဝ ငယ်ရွယ်စဉ်ကနေ B.Ed သင်တန်းတက်ရောက်အောင်မြင်ပြီး သာယာဝ တီ ABM အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာကြီးဖြစ်လာတဲ့အထိ ဆရာကြီး တဆင့်ပြီးတဆင့် တက်လှမ်း ရုန်း ကန်ခဲ့မှုဟာ အသိအမှတ်ပြုလောက်တဲ့ ဖြတ်သန်းမှုပဲ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် သာယာဝတီ ABM အထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ စဉ်မှာလည်း ဆရာကြီးရဲ့ ကိုယ်ဒူးကိုယ်ချွန် လုံးပမ်းအားထုတ်မှုဟာ သိပ်ကို ဂုဏ်ယူစရာ လေးစား အတုယူဖွယ်ရာ ဖြစ် ပါတယ်။ ဆရာကြီးဟာ သူကိုယ်တိုင် ဦးစီးရှာဖွေခဲ့တဲ့ ကျောင်းရန်ပုံငွေ ကျပ်တစ်သောင်းနှစ်ထောင်ကို ကရင့်လက်နက် ကိုင်တော်လှန်ရေးထဲ မသွားမီ ကျောင်းကော်မတီထံ စနစ်တကျ အပ်နှံခဲ့ပါတယ်။

သာယာဝတီနယ်တစ်ဝိုက်မှာ ဗိုလ်ချင်း၊ ဗိုလ်စိန်မှန်တို့ ဖွဲ့စည်းပေးထားတဲ့တပ်တွေနဲ့ ပြည်ထောင်စုစစ်ရဲ(UMP) ဆိုသူများက ဓားပြတိုက်ကြပါတယ်။ ဆရာကြီးစကောလယ်တောဟာ ထိုဓားပြများရဲ့ ကန်ကျောက်ခြင်းကိုပင် ခံခဲ့ရပါ တယ်။ ပိုမို အတင့်ရဲ ဆိုးသွမ်းလာတဲ့ ဓားပြတွေဟာ သာယာဝတီ ABM ကျောင်းကိုဝိုင်းပြီး ကျောင်းသူနှစ်ဦးကို အကြမ်း ဖက် ဖမ်းဆီးသွားကာ အဓမ္မပြုကျင့်ခဲ့ကြပါတယ်။ ထိုကိစ္စအတွက် ဆရာကြီးစကောလယ်တောဟာ အလွန်စိတ်ထိခိုက် ခဲ့ရပါတယ်။

Photo: KNU

မိမိသည် အေးချမ်းစွာနေထိုင်လိုသော်လည်း အခြေအနေက မပေးခဲ့၊ မတရားမှုကို ခုခံတော်လှန်ရမယ်ဆိုတဲ့ စိတ်ကူးပေါ်လာပါတယ်။ ဤသည်မှာ ဆရာကြီးစကောလယ်တောအား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် သို့ ရောက်ရှိစေခဲ့တဲ့ အစဦးဆုံး စိတ်ကူးဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်လူမျိုးကို သူ အလွန်ချစ်တယ်။ ကရင်ကို အမှန်တကယ်ချစ်လျှင် ကရင်တို့ကို ဖိနှိပ်ညှင်းဆဲနေတဲ့ ရန်သူအား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်ရမယ်လို့ တွေးခေါ်ရမယ်၊ သို့မှသာ မျိုးချစ်ပီသမယ် စသဖြင့် ဆရာကြီးစကောလယ်တောဟာ သူ့ရဲ့ ရဲရင့်သော အဘိဓမ္မာကိုထူ ထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲသို့ ကိုယ်ထိလက်ရောက် ပါဝင်ရန် ဆုံးဖြတ်ခဲ့ပါတော့တယ်။

သို့ဖြင့် သူမြတ်နိုးလှတဲ့ သူ့မူလဝါသနာဖြစ်တဲ့ ကျောင်းဆရာဘဝကို စွန့်လွှတ်ပြီး ကရင့်လက်နက်ကိုင် တော် လှန်ရေးမှာ ပြတ်ပြတ်သားသား ပါဝင်ဆင်နွှဲပါတော့တယ်။ ခေါင်းဆောင်တချို့က အမျိုးသားအကျိုးကိုပြုရန် သစ္စာဆို ကြသော်လည်း နောက်ပိုင်းတွင် ကိုယ်ကျိုးအတွက် ရန်သူကို ဒူးထောက်အလျှော့ပေးကာ ရန်သူနဲ့ ပူးပေါင်းသွားကြတဲ့ သာဓကပေါင်းများစွာ ရှိသော်လည်း ဆရာကြီးကတော့ သူခံယူခဲ့သော အဘိဓမ္မာအပေါ်မှာ ကွယ်လွန်သည်အထိ သစ္စာ ရှိရှိ ရပ်တည်သွားခဲ့ပါတယ်။

ထို့အပြင် ဆရာကြီးဟာ ခရစ်ယာန်ဘာသာကို အလွန်ကိုင်းရှိုင်းသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ဘဝမှာ ခရစ်တော် ကို လေးလေးနက်နက် ယုံကြည်တယ်လို့ ဝန်ခံခဲ့ပါတယ်။ သမ္မာကျမ်းစာအရ ခရစ်ယာန်တစ်ယောက်ဖြစ်လျှင် ဆင်းရဲ သားကို ချစ်ရမယ်၊ အလုပ်အကျွေးပြုရမယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် သူ့ဘဝတစ်လျှောက်မှာ ဆင်းရဲသားများကို ကူညီခဲ့တယ်။ ထိုသို့ ကူညီခြင်းဟာ ခရစ်တော်ကို သစ္စာရှိတဲ့ တပည့်ဖြစ်ကြောင်း သက်သေခံတာပါပဲ။

ဆရာကြီးစကောလယ်တောဟာ ခရစ်ယာန်တစ်ဦးဖြစ်သော်လည်း ကေအဲန်ယူပါတီအနေနဲ့ အလုပ်သမားပါတီ တစ်ရပ်ထူထောင်ရေးတွင်လည်း သူဟာ ဗဟိုကော်မတီဝင်တစ်ဦး၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ထိုအယူအ ဆကို တာဝန်ခံရန် အဆင်သင့်ရှိနေခဲ့ပါတယ်။ ဆရာကြီးဟာ ငယ်စဉ်က ရောဘတ်အိုဝင်ရဲ့ လူမှုတော်လှန်ရေးသဘော တရားကို အလွန်နှစ်သက်ခဲ့တယ်လို့လည်း လေ့လာသိရှိရပါတယ်။ ထို့အပြင် ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်ဖို့ လည်း သင့်တော်တယ်လို့ ခံယူထားသူဖြစ်ပါတယ်။ လက်တွေ့တော်လှန်ရေးထဲမှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရေးသွားရောက်တဲ့ “တံခွန်နီအဖွဲ့”ကိုလည်း ဆရာကြီးစကောလယ်တောကိုယ်တိုင်ဦးစီးပြီး တရုတ်ပြည်သို့ သွားရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

အထက်ပါအချက်တွေဟာ ဆရာကြီးစကောလယ်တောနဲ့ပတ်သက်ပြီး ထူးခြားထင်ရှားတဲ့ အလေးအနက်ထား လေ့လာရမယ့် စံနမူနာယူရမယ့် အချက်အလက်တွေလို့ ကျနော် ထင်မြင်ယူဆပါတယ်။ ပဒိုမန်းရှာလားဖန်းစကားနဲ့ ပြောရရင် အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုတွေဖြစ်ပါတယ်။ သာမန်ကာလျှံကာ မဟုတ်ဘဲ တကယ့်ကို လေးလေးနက်နက် အသိအမှတ်ပြုရမယ့် သမိုင်းဖြတ်သန်းမှုတွေပဲ မဟုတ်ပါလား။
ဆရာကြီးစကောလယ်တော အကြောင်းကို “ကရင့်တော်လှန်ရေးဒုတိယလမ်းစဉ် နိုင်ငံရေးဖြတ်သန်းမှု စာအုပ်” ထဲ အောက်ပါစာပိုဒ်ကို မူရင်းအတိုင်း ကောက်နုတ်ကိုးကား၍ နိဂုံးချုပ်ပါရစေ။

“ဆရာကြီးသည် ဆင်းရဲသားဘဝကို ခံယူပြီး ပစ္စည်းမဲ့လူတန်းစားဘဝ လွတ်မြောက်ရေး တိုက်ပွဲများကို ထောက်ခံသည်။ လက်တွေ့တွင်လည်း အားပေးဆောင်ရွက်သည်။ သူ့ကိုယ်သူ ကွန်မြူနစ်ဟု မကြေငြာသော်လည်း ကွန်မြူနစ်ဆိုသူများထက် ဆင်းရဲသားဘဝကို လက်တွေ့ကျကျ ခံယူကျင့်သုံးသည်။ သူ၏ဘဝတစ်လျှောက်လုံး ခြိုးခြံစွာ စည်းကမ်းရှိစွာ နေထိုင်ခဲ့သည်။ အဆောင်အယောင်မရှိသော သူ၏တဲငယ်တွင် တင့်တယ်စွာ နေထိုင်တတ်သည်။ အမျိုး သားအတွက်၎င်း၊ မည်သည့်ဆင်းရဲသားများအတွက်သော်၎င်း ဆောင်ရွက်ရန် အသင့်ရှိသည်” ( စာမျက်နှာ ၁၁၇ မှ)
သို့ပါ၍ ကရင့်လက်နက်ကိုင်တော်လှန်ရေးသမိုင်းကို ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ မျိုးဆက်အသီးသီးက ခေါင်း ဆောင်တွေ၊ လမ်းစဉ်ပေါ်လစီတွေကို စိတ်ဝင်စားတယ်၊ လေ့လာမယ်၊ အကဲဖြတ်မယ်ဆိုရင် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ကနေ ယနေ့မျက်မှောက်ကာလအထိ ဖြတ်သန်းခဲ့၊ ဖြတ်သန်းဆဲ သမိုင်းဖြတ်သန်းမှုခရီးစဉ်ကို လေ့လာဖို့ လိုအပ်ပါတယ်။

(၇၅)နှစ်ပြည့်ပြီဖြစ်တဲ့ ကရင့်လက်နက်ကိုင်တော်လှန်ရေး သမိုင်းဖြတ်သန်းမှုကို အပိုင်းကြီး ၃ပိုင်းခွဲပြီး လေ့လာ သင့်ပါတယ်။
၁။ ပထမအပိုင်း (၁၉၄၉ မှ ၁၉၅၉ ခုနှစ် ပထမအကြိမ်ကွန်ဂရက် မတိုင်မီအထိ)
၂။ ဒုတိယအပိုင်း(၁၉၅၉ ပထမအကြိမ်ကွန်ဂရက်မှ ၁၉၇၅ခုနှစ်၊ ဖာပွန်ခရိုင် ဒူးဒါးဂေးကျေးရွာမှာကျင်းပတဲ့ (၈)ကြိမ် မြောက် ကေအဲန်ယူပီ (KNUP) ကွန်ဂရက် (နောက်ဆုံးကွန်ဂရက်)အထိ
၃။ တတိယအပိုင်း (၁၉၇၅ ခုနှစ်မှ ယနေ့မျက်မှောက်ကာလအထိ)

အဲဒီလိုအပိုင်းခွဲပြီး လေ့လာခြင်းအားဖြင့် ကရင့်တော်လှန်ရေးရဲ့ ဒီရေအနိမ့်အမြင့်ကိုသော်လည်းကောင်း၊ ခေါင်း ဆောင်မှုပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်ခေါင်းဆောင်များရဲ့ ဖြတ်သန်းမှုကိုသော်လည်းကောင်း၊ ချမှတ်အကောင်အထည်ဖော်ခဲ့ ကြတဲ့ လမ်းစဉ် ပေါ်လစီများကိုသော်လည်းကောင်း သက်ဆိုင်ရာအပိုင်းကဏ္ဍအလိုက် ရှင်းလင်းလွယ်ကူစွာ နားလည် နိုင်ပါလိမ့်မယ်။ “အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှု”ကို ဘယ်သူတွေ ဘယ်လို ဖြတ်သန်းပြသသွားကြသလဲ ဆိုတဲ့အချက်ကိုလည်း ထိုကာလအပိုင်းကြီး ၃ပိုင်းအတွင်းမှာ လေ့လာစူးစမ်းပြီး အကဲဖြတ်နိုင်ပါလိမ့်မယ်။ သို့မှသာ မျိုးဆက်သစ်များအတွက် စံနမူနာများ၊ အတွေ့အကြုံနဲ့ သင်ခန်းစာများကို စနစ်တကျ ရယူနိုင်ပြီး မျက်မှောက်တော်လှန် ရေးကို အောင်ပွဲသို့အရောက် သယ်ဆောင်သွားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ယူဆပါကြောင်း တင်ပြရင်းနိဂုံးချုပ်ပါတယ်။

စာရေးသူ၏ ဝန်ခံချက်နဲ့ တိတိကျကျ သိရှိလိုတဲ့အချက်
– ဒီဆောင်းပါး အတွက် အချက်အလက်များကို (လွတ်လပ်သောကရင့်သမိုင်းသုတေသနဌာနမှ ထုတ်ဝေသော “ကရင့် တော်လှန်ရေးဒုတိယလမ်းစဉ်နိုင်ငံရေးဖြတ်သန်း” စာအုပ်၊ ဦးအေးဆောင်ရေးသားတဲ့“အရှေ့တို့ရဲ့အရှေ့” စာအုပ်များ ကို မှီငြမ်းကိုးကားပါတယ်)
– (KNUP) ကေအဲန်ယူပါတီကို ဘယ်နှစ်ခုနှစ်မှာ စတင်ဖွဲ့စည်းသလဲ ဆိုတဲ့အချက်ကိုသိလိုပါတယ်။