Home သတင်း ရေးမြို့နယ်တွင် လျှပ်စစ်မီး ပုံမှန်မရရှိသော်လ‌ည်း မီတာခနှုန်းထားများတိုးကောက်ရန် ကြေညာထား

ရေးမြို့နယ်တွင် လျှပ်စစ်မီး ပုံမှန်မရရှိသော်လ‌ည်း မီတာခနှုန်းထားများတိုးကောက်ရန် ကြေညာထား

845

ဒီဇင်ဘာလ၁၉ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်တွင် လျှပ်စစ်မီးပုံမှန်မရရှိသော်လည်း မီတာခတစ်ယူနစ်နှုန်းထားကို မြန်မာ ငွေ (၂,၀၀၀) ကျပ်ထိ လာမည့် လအတွင်း စတင်တိုးကောက်သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေးမြို့နယ် မြောက်ပိုင်း နှင့် တောင်ပိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလစ၍ ၂၄ နာရီ အပြည့် လျှပ်စစ်မီး မပေး တော့ဘဲ နေ့ သို့မဟုတ် ည အချိန်ပိုင်းသာပေးနိုင်သော်လည်း လျှပ်စစ်မီတာခ နှုန်းထားကိုမူ ယခုလာမည့် ဇန်နဝါ ရီလမှ စတင်ပြီး ယခင်တစ်ယူနစ် (၁,၈၀၀) ကျပ်မှ (၂,၀၀၀) ကျပ်ထိ တိုးကောက်ရန် ကြေညာထားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ရေးမြို့ဒေသခံတစ်ဦးက “ဒီဇင်ဘာ ဒုတိယအပတ်က စကြောငြာတာပေါ့။ လာမဲ့ လမှာ တစ်ယူနစ် (၂,၀၀၀) နဲ့ စကောက်မယ်ဆိုပြီး။ ကုမ္ပဏီတွေဘက်က စက်သုံးဆီ ဈေးနှုန်းမြင့်လာတော့ တိုးကောက်ရတယ်လို့ ပြောတာ ဘဲ။ မီတာခသာ တိုးပေးနေရတာ မီးကလည်း ပုံမှန်မရဘူးလေး။ အချိန်ပိုင်းနဲ့ မီးရတယ်။ ရတဲ့အချိန်ပိုင်းတောင် တစ်ခါတလေမီးမမှန်ဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ရေးမြို့နယ်တွင် လျှပ်စစ်မီးများကို ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီများဖြစ်သည့် မြတ်သူ ရထွန်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၃ ခုမှ လျှပ်စစ်မီးများကို ဖြန့်ဝေပေးနေပြီး စက်သုံးဆီဈေးနှုန်း ကြီးမြင့် မှု ကြောင့် အလှည့်ကျစနစ်ဖြင့် မီးပေးနေရကြောင်း ဒေသခံများကဆိုသည်။

ရေးမြို့နယ်ရှိ ဒေသခံများအနေဖြင့် နယ်မြေမတည်ငြိမ်မှုများကို ကြုံတွေ့နေကြရသည့်အပြင် လျှပ်စစ်မီတာခ ဈေးနူန်းများလည်း တစ်လထက်တစ်လ မြှင့်တက်လာသောကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “အခြေအနေက သွားရေးလာရေးက အရင်လောက်မလွယ်ကူဘူး။ ဒီဘက်မှာက မီတာခဈေးများတော့ မီးစက်ကိုသုံးကြတယ်။ အခု ဆီကလည်း ဝယ်လို့မရတဲ့ အခြေနေမှာရှိတယ်။ ပြီးတော့ အလုပ်လုပ်ဖို့ အတွက်က လည်း အလုပ်ကပါးလာတယ်။ ရပ်တည်ရခက်ခဲလာတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အစိုးရလျှပ်စစ်မီးမရရှိသေးသည့် ရေးမြို့နယ်ရှိ ဒေသများတွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီ များမှ လျှပ်စစ်မီးဖြန့်ဝေပေးနေတာဖြစ်ပြီး အာဏာသိမ်းကာလအတွင်း တရွေ့ရွေ့ ဈေးနှုန်းမြင့်တက်လာရာမှ လက်ရှိတွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် (၁,၈၀၀) အထိ ပေးဆောင်နေရကြောင်း ဒေသခံများကဆို သည်။

ထို့အပြင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် စစ်တပ်အာဏာမသိမ်းခင်က လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် (၆၀၀) သာ ပေးဆောင်ခဲ့ရသော်လည်း အာဏာသိမ်းချိန်မှစ၍ လျှပ်စစ်မီတာခဈေးနှုန်း ၃ ဆနီးပါးမြင့်တက်ခဲ့သလို လျှပ်စစ်မီးလည်း ပုံမှန်ဖြန့်ဝေပေးနိုင်ခြင်းမရှိကြောင်း ရေးမြို့နယ် ဒေသခံများက ပြောသည်။