ဒီဇင်ဘာလ(၃)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)ထိန်းချုပ်ရာ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံ ရဲဂိတ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ကျိုက်ထိုတော်လှန် ရေးအင်အားစု-KRF ပါဝင်သော ပူးပေါင်းတပ်များက ယနေ့ ဒီဇင်ဘာလ(၃)ရက်နေ့ က ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် (၃)ဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း KRF ထံမှသိရသည်။
ယနေ့ နေ့လည် (၁၁)နာရီ (၃၅)မိနစ်အချိန်တွင် အဆိုပါဂိတ်အား ပူးပေါင်းတော်လှန်ရေးတပ်များက (၆၀)မမ လက်လုပ်ပြောင်းရှစ်လုံး၊ (၄၀)မမ အလုံး နှစ်ဆယ်၊ ဒရုန်းဗုံး တစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး၊ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ထက်မနည်း ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု KRF ဘက်က ပြောသည်။
“လောလောဆယ်တော့ နှစ်ပွင့်လား သုံးပွင့်လား မသိဘူး အရာရှိတစ်ယောက်ရယ် တပ်ကြပ်တစ် ယောက် ရယ် တပ်သားတစ်ယောက် စုစုပေါင်း သုံးယောက်ကတော့ လဲသွားပြီ။ ရဲ နှစ်ယောက်ကလည်း ဒဏ်ရာ အကြီးအကျယ်ရထားတယ်။ အဲ့ကောင်တွေလည်း လဲဖို့ရှိတယ်။ နောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ” ဟု KRF အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပစ်ခတ်မှုကို KNLA, KRF အပါအဝင် တောကျီးကန်းစစ်ကြောင်း၊ ကျောင်းသားတပ်မတော်-ABSDF၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့၊ မုပ္ပလင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YEF TPDF Drone Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ပူးပေါင်းတပ်ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း KRF က ယနေ့ထုတ်ပြန်ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါဂိတ်စခန်းသို့ စစ်ကောင်စီတပ်ဘက်က အကူတပ်များရောက်ရှိလာခဲ့သလို ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းအား ယာယီပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“နေ့လည်(၁)နာရီလောက်မှ အဝေးပြေးလမ်းကိုပြန်ဖွင့်တာ။ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်လိုက်တယ်။ ပြီးတော့ ခရီးသွားတွေကို စစ်ဆေးရေး တင်းကြပ်တာတွေလုပ်တယ်” ဟု ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
အဆိုပါစစ်ဆေးရေးဂိတ်စခန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေး ပူးပေါင်းတပ်များ၏ မကြာ ခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိ သည့် ဂိတ်တစ်ခုဖြစ်သည်။
ပြီးခဲ့သည့် မတ်လပိုင်းကလည်း ထိုဂိတ်စခန်းသို့ KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၆)ဦးသေဆုံး၍ ပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သေးသည်။



















