ဒီဇင်ဘာလ ၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၉၇) တပ်ရင်းမှ မြို့တွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း နှင့် လေကြောင်းမှ ၂ ရက်တာ နေ့ရော ညပါ ဗုံးကြဲ တိုက်ခိုက်မှုများ ကြောင့် ကော့ကရိတ်မြို့၏ ရပ်ကွက် ၇ ခုမှ ဒေသခံပြည်သူထောင်နှင်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရ ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများကပြောသည်။
တိုက်ပွဲမဖြစ်ပွားခင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ သတိပေးစား ထုတ်ပြန်ခဲ့ပြီးနောက် မြို့တွင်းနေထိုင်သူအချို့ ကြိုတင် နေရာရွှေ့ပြောင်းခဲ့ကြသော်လည်း မပြောင်းရွှေ့သူများ လည်း အများအပြာရှိခဲ့ပြီး လက်ရှိမြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး နှင့် လေကြောင်း ပစ်ကူကို အပြင်အထန် လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပိတ်မိ နေသူများလည်းရှိပြီး အရပ်သား ထိခိုက် သေဆုံးသူစာရင်လည်း မြင့်တက်နေကြောင်း ရပ်ကွက်အတွင်းပိတ်မိ နေသူများကို ကူညီနေရာရွေ့ ပြောင်း ပေးနေသူတစ်ဦးက ယခုလိုပြောသည်။
“တိုက်ပွဲမဖြစ်ခင်ထဲကပြောတယ် ပြောင်းကြဖို့။ စစ်တပ်ကလည်းပြောတယ်။ ကရင်အဖွဲ့ ကလည်း ပြောတယ်။ လူတွေကမပြောင်းကြဘူး။ လေယာဉ်တွေ မြို့ထဲဗုံးကြဲတော့ မနေရဲကြတော့ဘူး။ လူထောင်ချီ ထပြေး ရှောင်ကြ ပြီး လက်နက်ကြီးက မိုးရွာသလို ပစ်ချနေတယ်။ အဆိုးဆုံးက ဈေးခေါင်မိုးပေါ်ကနေ ရပ်ကွက်တွေထဲ ပစ်ထည့် တာ အဆိုးဆုံးဘဲ။ လူတွေ ထိတာသေတာက အရပ်သားများတယ်။ ကော့ကရိတ် ဆေးရုံ၊ ဖားအံဆေးရုံ ပို့တင်ရ တာ ၁၀ယောက်ကျော်ရှိတယ်။ ဗုံးကျလို့သေတာ သေနတ်မှန်လို့သေတာ အရပ်သားဘဲ ၈ ယောက် လောက်ရှိ တယ် စပစ်တဲ့ ရက်ကနေ အခု၃ရက်အထိဆိုရင်ပေါ့။ ရွာတွေ ဘက်မှာထိတာသေတာ တော့မသိရ သေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။
ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းအထိ ခလရ- ၉၇ ပတ်ဝန်းကျင် ကော့ကရိတ်မြို့တွင်း ပစ်ခတ်မှု ဆက်ရှိ နေပြီး မြို့မရဲစခန်း၊ မြို့မဈေးအပေါ်ထပ် နေရာများမှ ရပ်ကွက်အတွင်းနေရပ်စွန့်ခွာနေသည့် ရပ်ကွက်နေ ပြည်သူ များအားပစ်ခတ်မှုရှိနေကြောင်း၊ ကျုံဒိုးအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၅၄၅) (ခလရ-၅၄၆)တပ်၊ လှိုင်ဝ အမြှောက်တပ်များမှ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်း အမြစ်များကပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်တစ်ဦးက“စစ်တပ်က စစ်ကူလိုက်တာမှာ ပူးပေါင်းပါတဲ့ BGFတပ်နဲ့ပါ တိုက်ပွဲဖြစ်နေတယ်။ နှစ်ဖက်ထိခိုက်ကျဆုံး တာ တော့ရှိတယ်။ ပိတ်မိနေတဲ့ ရပ်ကွက်သားတွေ ကယ်ပေးရတာလည်းရှိတယ်။ တော်တော်လေးကို သတိထား တိုက်နေရတယ်။ ရပ်ကွက်သားတွေကတော့ မြဝတီဘက် ကျုံဒိုးဘက် နဘူးဘက် သာမညဘက် ကမ်းနီ ကမ်းမရိုက်ဘက်တွေ ရှောင်ပြေးကြတယ်။ မြို့တွင်းတော့ စစ်တပ်နဲ့က ပစ်လိုက်ရပ်လိုက်ဘဲ။ အာရှလမ်းလည်း သွားလိုက်ရပ်လိုက်ဘဲ။” ဟု ကေအိုင်စီ သို့ ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ညကစတင်၍ လက်ရှိအချိန်ထိ ကြာအင်းဆိပ်ကြီး၊ သဃ်န်းညီနောင်၊ကျုံဒိုး နှင့် ကော့ ကရိတ် စသည့် ဒေသများ တွင် စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း မဟာမိတ်တပ်များ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ နေရပ်စွန့်ခွာစစ်ဘေး ရှောင်နေရ သူ၊ ထိခိုက်ဒဏ်ရာရရှိသူ နှင့် သေဆုံးသူများစာရင်း ဆက်လက် မြင့်တက်လာနေ ကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများထံမှသိရ သည်။



















