Home သတင်း ပိုးကရင်အခြေခံသူငယ်တန်းဖတ်စာ ဆရာလက်စွဲစာအုပ်နှင့် ဆောင်းပါးစာအုပ် ထုတ်ဝေဖြန့်ချိပြီ

ပိုးကရင်အခြေခံသူငယ်တန်းဖတ်စာ ဆရာလက်စွဲစာအုပ်နှင့် ဆောင်းပါးစာအုပ် ထုတ်ဝေဖြန့်ချိပြီ

1188

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပိုးကရင်ဘာသာဖြင့် စာပေသင်ကြားပေးသည့်အပြင် ဆောင်းပါး၊ ကဗျာများ ရေးသားနေသည့် စာရေးသူ စဝ်ဍာ်ဓံင့် ဖာန်(ခုုဂ်ထိုင့်)က ကိုယ်တိုင် ရေးသားပြုစုထားသည့် ဆောင်းပါးစုစည်းမှုစာအုပ်နှင့် အခြေခံသူငယ်တန်းဖတ်စာ ဆရာ လက်စွဲစာအုပ်ကို စတင် ထုတ်ဝေဖြန့်ချိ ရောင်းချနေပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖော်ပြကြေငြာထားသည်။

အခြေခံကရင်သူငယ်တန်းဖတ်စာ ဆရာလက်စွဲစာအုပ်ကို အရှေ့ပိုးကရင်စာပေ သင်ကြားသည့် ဆရာ၊ ဆရာမများအ တွက် ရှေးယခင် ကရင်ပညာရှင်စာများ ရေးသားပြုစုထားသော စာအုပ်အချို့ကို မှီငြမ်းကာ ပြုစုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄၊ ၂၀၁၅နှင့် ၂၀၁၈ ခုနှစ်များတွင် ကွန်ပျူတာစာစီ၊ ပရင့်ထုတ် မိတ္တူဆွဲ၍ ဖြန့်ချိခဲ့ရာမှတဆင့် ယခုလို စာအုပ်ပုံစံ ထုတ် ဝေရခြင်းဖြစ်သည်ဟု စာရေးသူက ကေအိုင်စီသို့ ရှင်းပြသည်။

၎င်းက “အဲဒါ စာပေသင်ကြားပေးကြတဲ့ ဆရာ၊ ဆရာမတွေက အသုံးပြုတာတွေ များလာပြီး မေးလာတာတွေ များ လာတော့ အခုလို ပုံနှိပ်စာအုပ်လေးနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လုပ်လိုက်တာပါ။ အရှေ့ပိုးကရင်စာပေ (ခေါ်) လိုက်ထုလီစာပေကို အခြေခံ စတင်သင်ယူလိုသူ၊ ပြန်လည်သင်ပေးလိုသူတွေအတွက် ဒီစာအုပ်တစ်အုပ်ရှိရုံနဲ့တင် ပြီးပြည့်စုံအောင် စီစဥ်ပေးထားပါတယ်။”ဟု မြွက်ကြားသည်။

စာမျက်နှာ ၆၈မျက်နှာရှိပြီး စာရေးသူ၏ ကိုယ်ပိုင်ငွေဖြင့်ပင် စုဆောင်းထုတ်ဝေထားသည့် ဆရာလက်စွဲစာအုပ်ထဲတွင် သင်ခန်းစာ သင်ကြားပုံ၊ ကရင် + မြန်မာ နှစ်ဘာသာဖြင့် ဖတ်စာများ၊ မေးခွန်းပုံစံ၊ စာစီစာကုံး၊ အမျိုးသားရေး သီချင်း စာသားများကို ထည့်သွင်းပေးထားကြောင်းလည်း စာအုပ်ထုတ်ဝေသူက ဆက်ပြောသည်။

အလားတူ မြန်မာဘာသာဖြင့် “အမွေအနှစ်ပစ်ပယ် လမ်းပျောက်မယ်”ဟု အဓိပ္ပါယ်ရသည့် “ခံင်.အယ်ခွိုက်ယှိုဝ် မ်ုဟှာဖိုုဝ်” အမည်ပေးထားသည့် ဆောင်းပါးပုဒ်ရေ ၃၀ ပါ ကိုယ်တိုင်ရေး ဆောင်းပါးစုစည်းမှုစာအုပ်ကိုလည်း တော်သလင်း၊ သီတင်းကျွတ်နှစ်လအတွင်း အပြီးသတ်ကာ ပူးတွဲ ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး စာမျက်နှာ ၁၉၆ အထိ ရှိသည်ဟု စာရေးသူ၏ ပြောပြချက်အရ သိရသည်။

စဝ်ဍာ်ဓံင့်ဖါန်က “ဆောင်းပါးတစ်အုပ်ကတော့ မန်းနဲ ၂၀၀၈လောက်က ရေးဖူးသမျှ (မဂ္ဂဇင်း၊ စာစောင်) ကရင်ဆောင်း ပါးတွေကို တစ်စုတစ်စည်းတည်း ဖတ်နိုင်အောင် စာရေးသူရဲ့ ဘဝသမိုင်းမှတ်တိုင်တစ်ခုအနေနဲ့လည်း ကျန်အောင် ထုတ်လိုက်တာပါ။”ဟု ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။

ယင်းဆောင်းပါးစာအုပ်ထဲတွင် များသောအားဖြင့် ကရင်လူမျိုးများနှင့် သက်ဆိုင်သော အကြောင်းအရာများ ဖြစ်သည့် ကောက်သစ်စားပွဲ၊ လက်ချည်ပွဲ၊ နှစ်သစ်ကူးပွဲ၊ ကရင်အလံ အသုံးပြုရပုံ၊ ကရင်စာပေကို ထိန်းသိမ်းမြှင့် တင်နိုင်ရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။

ဆရာလက်စွဲစာအုပ် တန်ဘိုးမှာ ၂၅၀၀ကျပ်နှင့် ဆောင်းပါးစာအုပ် တန်ဘိုးမှာ ၄၅၀၀ကျပ်ဖြစ်ပြီး အရှေ့ပိုးကရင် (လိုက်ထုလီ)စာပေ ချစ်မြတ်နိုးကြသည့် စာချစ်သူများအားလုံး စာအုပ်များကို ဖတ်ရှုလိုပါက မှာယူအားပေးနိုင် ကြောင်း သိရသည်။