Home သတင်း ဓါတ်ဆီပြတ်လပ်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကော့ကရိတ်မြို့နယ်ရှိကျေးရွာအချို့ ဆေးဝါး ပြတ်လပ်နေ

ဓါတ်ဆီပြတ်လပ်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကော့ကရိတ်မြို့နယ်ရှိကျေးရွာအချို့ ဆေးဝါး ပြတ်လပ်နေ

605

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဒေသအတွင်း ဓါတ်ဆီပြတ်လပ်မှုနှင့် တိုက်ပွဲများကြောင့် လမ်များပိတ်ကာ သွားလာရေးခက်ခဲလာသည့်အတွက် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟု ကျေးရွာအတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများကပြောသည်။

လတ်တလော ကျေးရွာများတွင် ဓါတ်ဆီဝယ်ယူ၍မရသည့်အပြင် ကော့ကရိတ်မြို့အနီး စစ်ကောင်စီ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများကြောင့် လမ်းများ ပိတ်နေပြီး မြို့ပေါ်သို့ ဆေးဝါးသွားရောက်ဝယ်ယူနိုင်ခြင်း မရှိသည့်အတွက် ကျေးရွာများ ထဲတွင် နာမကျန်း ဖြစ်သူများကို ဆေးကုသပေးရန်ဆေးဝါးပြတ်လပ်မှုအခက်အခဲကြုံလာရကြောင်း ကော့ကရိတ် မြို့နယ်ရှိ ကျေးရွာကျန်းမာရေးဝန်ထမ်းတစ်ဦးကဆိုသည်။

၎င်းက”အခုဆေးဝါးပြတ်လာပြီး။ သွားလာမရတော့ဘယ်လိုလုပ်ရတော့မလဲမသိဘူး။ ဒီအချိန်မှာလည်း ရာသီ ဥတုကြောင့် နေမကောင်းဖြစ်လာတဲ့သူတွေများတယ်။ အခုက လက်ကျန်တွေ နဲ့သုံးရတယ်။ ဒီလက်ကျန် ကုန်ရင် တော့ ဆေးတွေကကုန်လာနေပြီး။ အခြေအနေက ဒီလိုဘဲဆက်သွားရင် ဘယ်လိုလုပ်ရ မလဲမသိဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် ကုန်စျေးနှုန်းနှင့်အတူ ဆေးဝါများလည်းအဆမတန် စျေးမြင့်တက်လာသည့်အပြင် ဖြတ်သန်းသွားလာရသည့်လမ်းများရှိ စစ်ကောင်စီ ဂိတ်များတွင် စစ်ဆေးမှုများရှိနေသောကြောင့် ဆေးဝါးများ သယ်ဆောင်ရန် အခက်အခဲရှိနေသည်ဟုလည်း အဆိုပါ ကျန်းမာရေး ဝန်ထမ်းကဆက်ပြောသည်။

“မြို့မှာဆေးသွားဝယ်ရင်ဒီအချိန်မှာမလွယ်ဘူး။ ဂိတ်မှာဖမ်းဆီးစစ်ဆေးတဲ့အခါတွေ့ရင်ဘယ်သူ့အတွက်လဲ၊ PDFအတွက်လား အဲလိုမေးခံရတာတွေရှိတယ်။ ကျနော့် သားဆေးသွားဝယ်တုန်းက လမ်းမှာ တစ်ခါ စစ်ဆေးခံ ထိသေးတယ်။ တော်သေးလို့မဖမ်းသွားတာ။ တစ်ခါခါသွားဝယ်ရင်လဲအများကြီးမသွားဝယ်ရဲတော့ဘူး။ “ဟု ကေအိုင်စီ သို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် တိုက်နယ်ဆေးရုံနှင့်ကျေးရွာဆေးပေးခန်းများပိတ်လိုက်ရသည့်အတွက် ကျေးရွာနေ ပြည်သူလူထုများသည် ဆေးရုံဆေးခန်းသွာလာရန်ခက်ခဲလာပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ကျေးရွာဆေးဆရာ၊ဆေးဆရာမများကိုသာ မှီခိုအားကိုးလာနေကြရသည်ဟုဒေသခံများကဆိုသည်။

ဒေသခံ ကျေးရွာသားတစ်ဦးက “ဒီအချိန်မှာလမ်းပိတ်ပြီးတော့ ဓါတ်ဆီတွေလဲ လိုက်ဝယ် မရတော့ နေမကောင်း ဖြစ်ရင်မလွယ်ဘူး။ အဲဒါကြောင့် လုပ်နေတဲ့အလုပ်တွေကိုလဲအလွန်အားစိုက်ပြီးမလုပ်ရဲဘူး။ ဘာဖြစ်လဲဆိုတော့ နေမကောင်းဖြစ်ရင်လိုက်ကုဖို့မလွယ်ဘူးလေး “ဟု ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ်မြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့စပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ပြီး မြို့နေလူထုများ တစ်မြို့လုံးနီးပါးအပြင် အနီးအနားရှိ ကျေးရွာအများအပြားလည်း နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ ဆေးဆိုင်များလည်း ပိတ်ထားလိုက်ရသည့်အပြင် လမ်းများလည်း ပိတ်ထားခြင်းရှိကြောင်းသိရသည်။