ဒီဇင်ဘာလ(၁၁)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏လက်ကိုင်တုတ်အဖြစ်သို့ ကျရောက်နေသူများ ၎င်းတို့လက်အောက်မှရုန်းထွက်၍ ပြည်သူလူထု နှင့်ပူးပေါင်းကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) က ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကျ ရောက်သော ပအိုဝ်းအမျိုးသားများ၏ ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ် ပြန်ပန်ကြားလိုက်သည်။
၁၉၆၂ ခုနှစ်မှစတင်၍ စစ်အုပ်ချုပ်မှုသက်ဆိုးရှည်စေသည့် အာဏာရှင်စနစ်ကို မပြောင်းလဲဘဲ အုပ်ချုပ်သူ သာပြောင်းလဲခဲ့သည့် ယနေ့ စစ်အုပ်စု၏လက်အောက်တွင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များအသွင်သို့ ပြောင်းလဲစေပြီး ရာထူး၊ ဂုဏ်ထူးများဖြင့် သိမ်းသွင်းဖြားယောင်း၍ စစ်အုပ်စု လက် ကိုင်တုတ်အဖြစ် ကျရောက် နေသူများ ပြည်သူနှင့်ပူးပေါင်းရန် PNFC က ထုတ်ပြန်ချက်မှတဆင့် ပန်ကြားလိုက် ခြင်းဖြစ်သည်။
“ဟိုတုန်းက ပအိုဝ်းတော်လှန်ရေးလုပ်ခဲ့ပြီး အဲ့ဒီကနေ ဒီကနေ့စစ်အုပ်စုရဲ့လက်ကိုင်တုတ်အဖြစ် ရာထူး ဂုဏ်ထူး တွေကြောင့် သိမ်းသွင်းခံထားရတဲ့သူ အချို့ရှိတော့ အဲဒီကနေရုန်းထွက်ကြဖို့ပြောချင်တာပါ။ ပအိုဝ်းတွေရဲ့ တော် လှန်ရေးဟာ အုပ်ချုပ်သူအပြောင်းအလဲကိုသာမျှော်လင့်တာမဟုတ်ပါဘူး။ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန် ရေးကို ၇၄ နှစ်ကြာတဲ့တိုင်အောင် ကျနော်တို့ ဆင်နွှဲနေကြတာပါ။ ဒီထုတ်ပြန်ချက်အပေါ်မှာ သက်ဆိုင်သူတွေက လည်း လေးနက်ကြမယ်လို့ မျှော်လင့်ပါတယ် ” ဟု PNFC ၏ ဥက္ကဌ ခွန်မြင့်ထွန်းက ကေအိုင်စီကို ပြောသည်။
ထို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေး၏ မူလရည်ရွယ်ချက်နှင့် တူညီသော နွေဦးတော်လှန် ရေး၏ ရည်မှန်းချက်အတိုင်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးတွင် ပအိုဝ်းအမျိုးသားများ ဆက်လက်ပါဝင်ရန်လည်း PNFC က ထုတ်ပြန်ချက်တွင် တစ်ဆက်တည်း ထည့် သွင်းပန်ကြားထားသည်။
ဥက္ကဌ ခွန်မြင့်ထွန်းက “(၇၄)နှစ်အကြာကတည်းက ဆောင်ရွက်လာတဲ့ပအိုဝ်းတွေရဲ့ တော်လှန်ရေးက ဒီနေ့ တစ်တိုင်းပြည်လုံး ပါဝင်ဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်နဲ့အတူတူပါပဲ။ ကျနော်တို့အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ထူထောင်ချင်တယ်။ ဆိုတော့ ဒီအတွက် အဟန့် အတားဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ကျနော်တို့တော်လှန်တယ်။ အဲဒီမှာ ပအိုဝ်းတွေလည်း ဆက်ပြီး ပါဝင် ကြဖို့ တိုက်တွန်းတာဖြစ်တယ်။” ဟု ဆိုသည်။
ထို့အပြင် ယနေ့ ထုတ်ပြန်ချက်သည် (၁၉၄၈) ခုနှစ် တိုင်းပြည်လွတ်လပ်ရေးရချိန်တွင် မြေရှင်ပဒေသရာဇ် စနစ် အောက်မှ မလွတ်မြောက် နိုင်ခဲ့သော ပအိုဝ်းအမျိူသားများအပါအဝင် ရှမ်း၊ ဓနု၊ တောင်ရိုး၊ အင်းသာ၊ ဂေါ်ရခါး စသည့် လူမျိုးပေါင်းစုံသည် ထိုစနစ်ဆိုး ဆန့်ကျင်တော်လှန်ရေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်ကို အမှတ်ရစေ ချင်၍ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း PNFC ကဆိုသည်။
(၁၉၄၉) ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့မှ စတင်ခဲ့သော ပအိုဝ်းတိုင်းရင်းသားများ၏ ပဒေသရာဇ်စနစ်ဆိုး ဆန့် ကျင် တော်လှန်ရေးနေ့သည် (၁၉၅၈) ခုနှစ်တွင် အောင်မြင်စွာ တော်လှန်ချုပ်ငြိမ်းနိုင်ခဲ့သော်လည်း စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်ရာ ယနေ့တွင် (၇၄) နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။



















