Home သတင်း မုန်းမြို့နယ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ဦးသေ၊ ၇ဦးဒဏ်ရာရ

မုန်းမြို့နယ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ဦးသေ၊ ၇ဦးဒဏ်ရာရ

931

ဒီဇင်ဘာလ(၁၅)ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီးထူ(ညောင်လေးပင်)ခရိုင်၊ မုန်းမြို့ နယ်အတွင်းယခု ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီ မှ ၂ရက်ဆက်တိုက် လေ ကြောင်း ရမ်းသမ်းပစ်ခတ်မှုများကြောင်း အပစ်မဲ့ပြည်သူ(၁)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုမှ ယနေ့ထုတ်ပြန်ထားသည်။

မုန်းမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့်အချိန်တွင် နယ်နိမိတ်ကျေးရွာနှင့် ဝဲကြီးကျေးရွာအ တွင်းသို့ ပစ်မှတ်ထားကာ လေကြောင်းမှ ရော့ကတ် (Rocket)များ၊ အော်လီဂန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ကြောင့် ယခုလို အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော် ပြထားသည်။

မုန်းမြို့ နယ်မှ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက “လက်ရှိမှာတော့ အကုန်လုံး စစ်ရှောင်နေရတယ်။ သူတို့ အကုန်လုံးကလည်း ကြောက်နေကြတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ကတော့ သူတို့မကြောက်အောင် အားပေး စကားပြောပေးတယ်။ ပြီးတော့ လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင်လည်း ကတုတ်ကျင်းတွေ တူးခိုင်း ထားတယ်။ စားနှပ်ရိက္ခာတွေကတော့ အရေးပေါ် လိုအပ်ချက်တွေရှိနေတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိမှုများအပြင် လူနေ အိမ် (၆) လုံး၊ ဈေးဆိုင် (၁) ဆိုင်အပြင် ဒေသခံပြည်သူများ မွေးမြူထားသည့် နွား (၁) ကောင် ထိခိုက်ပြီး ဝက်မကြီး (၁) ကောင်နှင့် ဝက်သားပေါက် (၁) ကောင်ထိခိုက်သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃) ရက်နေ့ကလည်း ၎င်းဖြစ်စဉ်နှင့်အလားတူ လယ်ဒို(ကျောက်ကြီး)မြို့နယ် အတွင်းရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ−၂၆၄) မှ (၁၅၅ မမ) လက်နက်ကြီးများကို ခြောက်သဲစုကျေးရွာသို့ (၁) လုံး ဖိုးတကျေးရွာ၊ အလှိုင်ကျေးရွာသို့ (၁) လုံး နှင့် ချောင်းဝကျေးရွာကြားတွင်(၁)လုံး၊ ရွာသာယာကျေးရွာတွင်(၁)လုံး စုစုပေါင်း (၄)လုံးပစ်ခတ်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့်ပင် အလှိုင်းကျေးရွာမှ ဦးဒေဝ ဆိုသူ သေဆုံးခဲ့ရပြီး ဦးနှာပေ၊ ဦးဖိုးဆိတ် နှင့် မောင်ဒန် အစရှိသူတို့ ၃ဦးမှာ ဒဏ်ရာရရှိခဲ့ရသည့်အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်၏ ဂျက်ဖိုက်တာတစ်စင်းသည် ခေါလိုကလိုးကျေးရွာသို့ ဗုံး(၂)လုံး၊ ပယ်ဝါးဒဲကျေးရွာသို့ ဗုံး(၁)လုံး စုစုပေါင်း (၃)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်ထားသည်။