Home သတင်း မြန်မာနိုင်ငံရှိ ကလေးသူငယ် ၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှု အရေးတကြီးလိုအပ်

မြန်မာနိုင်ငံရှိ ကလေးသူငယ် ၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှု အရေးတကြီးလိုအပ်

757

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်မှစတင်၍ ၂၀၂၃ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ဖြစ်ပွား သည့် ပဋိပက္ခကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်ပေါင်း(၆)သန်းသည် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီ အရေးတကြီးလိုအပ်နေကြောင်း ယူနီဆက်မြန်မာ (UNICEF Myanmar)က ဒီဇင်ဘာလ ၁၄ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ၆ သန်းထဲမှ ကလေးသူငယ် ၄ သန်းခန့်သည် ပညာသင်ခွင့်ပျောက်ဆုံးနေပြီး တိုက်ခိုက်မှု များထဲတွင် ပစ်မှတ်ထားခံရခြင်း၊ လူသစ်စုဆောင်းခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြားစေခြင်းအပါအဝင် ပြင်းထန်သည့် ချိုးဖောက်မှုနှင့် အလွဲသုံးစားပြုမှု အန္တရာယ်မြင့်မားစွာ ခံစားနေကြရ ကြောင်းလည်း ယူနီဆက်မြန်မာ ပြောဆိုသည်။

ထို့ကြောင့် ၂၀၂၄ခုနှစ်တွင် ကလေးငယ် ၂.၁ သန်းအပါအဝင် လူဦးရေ စုစုပေါင်း ၃.၁ သန်းဆီသို့ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့များ ပံ့ပိုးသွားနိုင်ရန် ယူနီဆက်အနေဖြင့် ရည်ရွယ်ထားပြီး အဆိုပါ ကလေးငယ်များကို ကူညီနိုင်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ယူနီဆက်မြန်မာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံထဲတွင် ၃ နှစ်တာကာလအတွင်း ပဋိပက္ခများ တိုးပွားလာပြီး နိုင်ငံအတွင်းရှိ ကလေး သူငယ်များသည် အကြမ်းဖက်မှုများ၏ အကြီးမားဆုံး အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ နေရပ် စွန့်ခွာမှုများနှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွင် ဆုတ်ယုတ်အားနည်းလာမှုများကို ရင်ဆိုင် ကြုံတွေ့နေရခြင်းလည်းဖြစ်ကြောင်းလည်း ယူနီဆက်က ဆိုသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူထုအုံကြွမှုနှင့် မတည်ငြိမ်မှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ ပိတ်ထားရခြင်း၊ ပညာရေးပြတ်တောက်ခြင်းတို့ကြောင့် ကလေးများ၏ ပညာရေးနှင့် အိပ်မက်များကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင်ပါသည်။” ဟု ယူနီဆက်မြန်မာ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပဋိပက္ခကြောင့် နေရပ်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများလာခြင်းနှင့် ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့ကြောင့် ကလေးငယ်များသည်လည်း ကာကွယ်ဆေးထိုးနှံမှုများမရသည့်အတွက် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့်ရောဂါများ အမြင့်မားဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာသည်ဟု ယူနီဆက်မြန်မာက ဆိုထားသည်။

ဆက်လက်၍ နိုင်ငံအတွင်းငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းနှင့် မိသားစုဝင်ငွေ ကျင်ဆင်းလာသည့်အပြင် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် ထိခိုက်လွယ်သူများဖြစ်သည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များသည် အဟာရချို့တဲ့မှု ပိုမိုဖြစ်ပေါ်လာကာ သန့်ရှင်းသောရေမရရှိသည့်အတွက် ရေကြောင့် ရောဂါဖြစ်ပွားနိုင်ခြေအန္တရာယ်များလည်း ရင်ဆိုင်ကြုံတွေ့ရသည်ဟုယူနီဆက်မြန်မာ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယူနီဆက်၏ ဒေါ်လာ ၂၀၈ သန်းကျော် လိုအပ်သည့်အစီအစဉ်ထဲတွင် မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ( ၈၉၀,၀၀၀) ဦးကျော်အား ပညာရေးဝန်ဆောင်မှုများ၊ ကလေးသူငယ်၊ ဆယ်ကျော်သက်နှင့် စောင့်ရှောက်သူ စုစုပေါင်း (၃၉၂, ၀၀၀)ဦးအား စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များ ပေးအပ်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ပြောဆိုထားသည်။

ထို့အပြင် လူဦးရေ (၈၅၀, ၀၀၀) ဦးအား အရေးပါသော သန့်ရှင်းသောရေရှိရေး၊ တကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ ပံ့ပိုးမှုများနှင့် ကလေးများ၊ အမျိုးသမီးဦးရေ စုစုပေါင်း (၃၅၀, ၀၀၀) ဦးအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုများပေးအပ်နိုင်မည်ဖြစ်ကာ ကလေးငယ်အယောက် ၈သိန်းခန့်ကိုလည်း ဝက်သက်ကာကွယ်ဆေးထိုးနှံပေးရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယူနီဆက်မြန်မာက ထုတ်ပြန်ထားသည်။