Home သတင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြတ်ပြတ်သားသားအရေးယူရန် KHRG တောင်းဆို

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြတ်ပြတ်သားသားအရေးယူရန် KHRG တောင်းဆို

1009

ဒီဇင်ဘာ ၁၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်လာသည့်အပေါ် အပြစ်ကင်းလွတ်ခွင့်မပေးဘဲ နိုင်ငံတကာမှ ပြတ်ပြတ်သားသား အရေး ယူသွားရန် ယနေ့ ကျရောက်သည့် ၇၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကရင်လူ့ အခွင့်အရေးအဖွဲ့-KHRG က တောင်းဆိုလိုက်သည်။

နိုင်ငံတကာအနေဖြင့် ၎င်းတို့အပေါ် ပြတ်သားသည့် အရေးယူမှုမပြုလုပ်နိုင်လျှင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြောက်အရွံ့မရှိ ဆက်လက်ကျူးလွန်နေမည် ဖြစ်ကြောင်း ယနေ့ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သရီဖိုးကွီးကျေးရွာတွင် ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးနေ့တွင် KHRG ၏ ပြောခွင့်ရ နော်ဖောလားက ယခုလိုပြောသည်။

၎င်းက “ဒီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုက ပိုမြင့်တက်လာတယ်။ ဒါကို နိုင်ငံ တကာက ပိုမိုသတိထားစောင့်ကြည့်ပေးဖို့ လိုလာပြီး။ ပြီးတော့ ဒါတွေကို အဓိက ကျူးလွန်နေတဲ့ စစ်ဏာရှင် တွေကို ပြတ်ပြတ်သားသား အရေးယူဖို့ လိုလာပြီး။ ဖြစ်သင့်တဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ အရေးယူဖို့ လိုတယ်။ ဒါမှ မဟုတ်ရင် အရပ်သား ပြည်သူလူထုတွေအပေါ်မှာကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုက ဆက်ရှိ နေအုံးမှာဖြစ်တယ် ”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတကာက ချမှတ်ထားသည့် ဥပဒေများကို ကျူးလွန်မှုမရှိစေရန် သတိထားလိုက်နာဆောင်ရွက်သင့်ပြီး အရပ်သားများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် လိုအပ်ကြောင်းလည်း နော်ဖောလား က ဆက်ပြောသည်။

လတ်တလောမြန်မာပြည်တွင်း၌ ပြင်းထန်လာသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း မြေပြင်စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကောင်စီဘက်မှ လေကြောင်း နှင့် လက်နက်ကြီးပစ်ကူကို ပိုမိုအားထားပြုလုပ်လာသလို အရပ်သားနှင့်ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများရှိလာသောကြောင့် အရပ်သားသေဆုံးမှုများ မြင့်တက် လာသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားမှုများရှိသည်။

ဆက်လက်၍ တိုက်ပွဲပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် အရပ်သားပြည်သူ အရေအတွက်လည်း နေ့စဉ် တိုးလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း လိုအပ်ချက် မြင့်တက်လျက်ရှိကြောင်း အရပ်ဖက်အဖွဲ့များက ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ ယနေ့ ကျရောက်သည့် လူ့အခွင့်အရေးနေ့တွင်လည်း နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရသည့် မြန်မာပြည် နေရာဒေသအသီးသီးမှ နေရပ်ရှောင်စစ်ဘေး ရှောင်များအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ကောင်စီထံမှ မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ပေးနိုင်သည့် အစီအစဉ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန်လည်း KHRG က ထပ်မံ တိုက်တွန်းခဲ့သည်။

ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ လူထုများ၊ ကျောင်းသား ကျောင်းသူများ၊ နယ်မြေခံ ကေအဲန်ယူ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဒေသခေါင်း ဆောင်များ စုစုပေါင်း လူဦးရေး ၆၀၀ နီးပါး ပါဝင် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့သူ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး-KYO ဥက္ကဋ္ဌစောသာယှူးက “လူရယ်လို့ ဖြစ်လာရင် အခွင့်အရေးက လူတိုင်းရပိုင်ခွင့်ရှိတာပဲ။ ဒါပေမဲ့ ခေတ်အဆက်ဆက်ကတည်းက စစ်အစိုး ရတွေရဲ့ ပိတ်ပင်ထားမှု အာဏာပါဝင် သုံးပြီး ဖိနှိပ်မှုကြောင့် ကိုယ့်အခွင့်အရေးအတွက် ကိုယ်မလုပ် ရဲကြတော့ဘူး။ အခုက ကိုယ့်အခွင့်အရေးကို ပြန်ရယူဖို့ အချိန်ရောက်ပြီးဖြစ်တယ်။ ကြောက်ရမဲ့ အချိန် မဟုတ် တော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်ရေးပဋိပက္ခ မြင့်မားလာခြင်းနှင့်အတူ လူ့အခွင့် အရေးချိုးဖောက်မှုများလည်း မြင့်တက် လာပြီး မြန်မာနိုင်ငံတောင်ပိုင်း ဒေသအတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများကို KHRG အနေဖြင့် တစိုက် မတ် မတ် စုဆောင်းဖော်ထုတ်နေသလို လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်မဖြစ်ပေါ်ရေးအတွက်လည်း နိုင်ငံတ ကာကို အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုမှုများလည်း ပုံမှန်လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ(UN)အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်းရသင့်ရထိုက်သော ခံစား ထိုက်သော အခွင့်အရေးများကို လူ့အခွင့်အရေးကြေညာ စာတမ်းအဖြစ် အတည်ပြုကြေညာခဲ့ပြီး လူသားတိုင်း ခံစားနိုင်သည့် အခြေခံလူ့အခွင့်အရေးများကိုဖော်ထုတ်အတည်ပြုခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။