Home သတင်း ကော့ကရိတ် ဒေသတိုက်ပွဲ အတွင်း ရွာပေါင်း ၂၄ ရွာ မှ လူ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ကော့ကရိတ် ဒေသတိုက်ပွဲ အတွင်း ရွာပေါင်း ၂၄ ရွာ မှ လူ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

1109

ဒီဇင်ဘာ ၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားနေသည့် ဒီဇင်ဘာ ၁ရက်မှ ယနေ့ ဒီဇင်ဘာ၄ရက်နေ့အထိ ကျေးရွာ အုပ်စုကြီး ၄ စုမှ ကျေးရွာပေါင်း ၂၄ရွာတွင်နေထိုင်သည့် ဒေသခံ (၁၁,၇၀၀) ခန့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများ၏ ကနဦး ကောက်ခံထားသည့် စာရင်းများအရသိရသည် ။

အဆိုပါ အရေအတွက်မှာ မြို့အနီးကျေးရွာမှ ကောက်ခံရရှိထားသည့် ဒေသခံ စစ်ရှောင်များ၏ စာရင်းသာ ရှိသေးပြီး ကော့ကရိတ်မြို့တွင်း နှင့် အခြားစစ်ရှောင်နေရတဲ့ ကျေးရွာ ၅ ရွာ၏ စာရင်းကို မရရှိသေးဘဲ စစ်ရှောင်ဦးရေ ဒီထက် ပိုများနိုင်ကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ယခုလိုပြောသည်။

စစ်ဘေးရှောင် ကူညီသူ တစ်ဦးက “မနေ့က စစ်ရှောင်တွေကို စာရင်းကောက် တာမှာ အံဖကြီး၊ကော့နွဲ့၊ မောင်းမ၊ ရွာတန်းရှည်ကျေးရွာအုပ်စုဝင် ရွာကြီး၊ရွာသေးတွေ အကုန်စစ်ရှောင်နရတဲ့ စာရင်းက လူ (၁၁,၇၀၀) ကျော်ရှိ တယ်။ ဒါနောက်ထပ် ၅ ရွာ လောက်က စာရင်း တွေတော့ ရမလာသေးဘူး။ ကော့ကရိတ် မြို့ပေါ်ကလည်း စာရင်း တွေ မရသေးဘူး။ ရပ်ကွက်တွေကတော့ ပြောင်းပြေးတဲ့လူလည်း ပြောင်းပြေးတယ်။ မပြေးဘဲ ဗုံးကျင်း တူးပြီး ဆက်နေနေတဲ့လူလည်း နေနေတုန်းဘဲ။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ကျန်ဒေသခံအချို့မှာ အိမ်စောင့်ထားခဲ့ပြီး မိသားစုဝင်များကို စစ်ရှောင်ခိုင်းကြသူများလည်းရှိပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ တော်လှန်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့များမှာ မြို့ထဲတွင် နေရာ ယူထားသလို စစ်ကောင်စီဘက်ကလည်း မြို့ထဲရှိ ခြေလျင်တပ်ရင်း(ခလရ-၉၇) တပ်စခန်းဝန်းနှင့် ဈေးဘက် ရဲစခန်း ဘက်များတွင် ရှိနေကြောင်း အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

လတ်တလော ကော့ကရိတ်မြို့တွင်း၌ သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များ၊အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင် မိခင်များ ရှိနေသည့်နေအိမ်များမှ မိသားစုများ ရွေ့ပြောင်းနိုင်ရေးအတွက် ဖားအံ၊ကျုံဒိုးနှင့် မြဝတီဒေသရှိ တစ်ပိုင်တစ်နိုင် စစ်ရှောင်အကူအညီပေးနိုင်သူများက ယာယီနေထိုင်စရာ နှင့် နေရာပြောင်းရွေ့နိုင်ရေး အသယ်အပို့ ယာဉ်များ ကူညီလုပ်ဆောင်မှုများ ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။

Photo: CJ

အလားတူ နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူများအနေဖြင့် ဖားအံမြို့ဘက် စစ်ရှောင်စဉ် စစ်တပ်က တံတားကျိုး ဂိတ်၊ ကိုးတိုင်စစ်ဆေးရေးဂိတ်၊ နဘူး၊ ဒေါ်လန်းရှိ နယ်ခြားစောင့် (BGF) ဂိတ်နေရာများတွင် ပိတ်ဆို့ ရှာဖွေ စစ်မေးမှုများ လုပ်ဆောင်ရာတွင် လက်ကိုင်ဖုန်းများအတွင်း စစ်တပ်နှင့်တိုက်ပွဲ ဖြစ်စဉ် အကြောင်း လူမှု ကွန်ယက်များတွင် ပိုစ့်တင် အကူအညီတောင်းခံထားသည့် အချက်အလက်များ တွေ့ရှိပါက ရိုက်နှက် ဖမ်းဆီးငွေညှစ်မှုများလည်း ကြုံတွေ့ ကြရကြောင်း စစ်ဘေးရှောင် လူငယ်တစ်ဦး ပြောသည်။

၎င်းက “ကျနော် ကျုံဒိုးဘက်ဆင်းရှောင်ဖို့ ကားကြုံလိုက်တာ တံတားကျိုး ရွာတံတားနားမှာ စစ်တပ်က စစ်တယ်။ ဖုန်းစစ်တော့ တိုက်ပွဲ သတင်းပိုစ့်ရှဲထားတာတွေ့လို့ ဆိုပြီး ကျနော့်ကို ဇက်ပိုးရိုက်တယ်။ ဗိုက်ကို ထိုးတယ်။ PDF လားဆိုပြီးမေးတယ်။ ပြီး တော့ အထုတ်တွေစစ်တယ်။ ဖမ်းခေါ်ထားမယ်ပြောပြီး တော့ ရပ်ကွက်က စစ်ရှောင်ကြတဲ့ သူတွေ ဝိုင်းတောင်းပန်ပြောပေးလို့ ကျနော့်ကို ပြန်လွတ်ပြီး ကားနဲ့ ပေးဆက်သွား ခိုင်းတယ်” ဟု ကော့ကရိတ် စစ်ရှောင်လူငယ် တစ်ဦး ကေအိုင်စီသို့ ပြောသည်။

ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့တွင်း မြို့ပြင် နေရာ ၃ နေရာခန့်တွင် တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က Mi35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲခြင်း လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးများမှာ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲသည့်အတွက် ရပ်ကွက်များအတွင်း မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ကြသူများ တိုက်ပွဲအတွင်း ပိတ်မိနေကြကြောင်း ကူညီ ကယ်ဆယ်နေသူများက ဆိုသည်။