Home သတင်း မုန်းမြို့ရှိ စစ်တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း KNU အတည်ပြုပြော

မုန်းမြို့ရှိ စစ်တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း KNU အတည်ပြုပြော

841
Photo: KNU

ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉၊ မြို့မရဲစခန်းနှင့် မုန်း-အုတ်ဖြတ်တံတားရှိ လုံခြုံရေးဂိတ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ကေအဲန်ယူဗဟိုဘက်က အတည်ပြုပြောသည်။

ဒီဇင်ဘာလ(၂)ရက်နေ့က စတင်ခဲ့သော တိုက်ပွဲအတွင်း စစ်ရေးမဟာဗျူဟာအရ အရေးပါသော စစ်ကောင်စီတပ်စခန်းများအား တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး KNU အနေဖြင့် မြို့သိမ်းရန် ရည်ရွယ်ချက်မရှိသေးကြောင်း ကေအဲန်ယူပြောခွင့်ရပုဂ္ဂိုလ်ပဒိုစောကလယ်စေးက ကေအိုင်စီကိုပြောသည်။

၎င်းက “KNU အနေနဲ့ မြို့သိမ်းတဲ့ရည်ရွယ်ချက် တော့မရှိသေးဘူး။ တပ်ရင်း ၅‌၉၉ နဲ့မြို့မရဲစခန်းကတော့ ရသွားပြီ။ တံတားလုံခြုံရေးဂိတ်နဲ့ အုတ်ဖြတ်စစ်ဆေးရေးဂိတ်ကိုလည်း ရပြီ။ နဂိုကတည်းက စစ်စခန်းတွေကို ချေမှုန်းဖို့ပဲဆိုတော့လေ။ အခုသိမ်းလိုက်နိုင်တဲ့ စခန်းတွေက စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့စခန်း တွေဖြစ်တယ်။ နေပြည်တော်ဘက်ကို ဆက်လက်ချီတက်မယ့်လမ်းကြောင်းလည်းဖြစ်သလို တပ်မဟာ(၅) နယ်စပ်ဘက်ကို ထိန်းချုပ်နိုင်ဖို့ အဓိကလမ်းကြောင်းလည်းဖြစ်တယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၀ ကို သိမ်းပိုက်နိုင်ရန် KNLA ပူးပေါင်းတပ်များက ယမန်နေ့ ဒီဇင်ဘာလ(၃)ရက်နေ့ကတည်းက ဆက်လက်တိုက်ခိုက်နေလျက်ရှိရာ စခန်းအပြီးသတ်သိမ်းနိုင်ခြင်းရှိမရှိကိုမူ အတည်ပြုမရသေးသလို ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေသဖြင့် နှစ်ဖက်ထိခိုက်မှုရှိသည့်အခြေအနေ အသေးစိတ်ကိုလည်း မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မုန်းမြို့ရှိ စစ်တပ်စခန်းများတိုက်ခိုက်ခံရစဉ် စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ရေ (၂၀)ထက်မနည်း အသုံးပြု စစ်ကူပေးနေသလို အနီးနားတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တိုက်ပွဲများမစတင်ခင် မြို့နေပြည်သူလူထုအား ကေအဲန်ယူက ကြိုတင်အသိပေးမှုများ လုပ်ဆောင်ထားသဖြင့် ပစ်ခတ်မှုများ‌ကြောင့် လက်ရှိအချိန်ထိ ဒေသခံသေဆုံးမှုနှင့်ထိခိုက်မှု မရှိသေးကြောင်း ကေအဲန်ယူ သတင်းအရင်းမြစ်က ပြောသည်။

ထို့အတူ ကေအိုင်စီအနေဖြင့် မုန်းမြို့ရှိ ဒေသခံများနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်းနေသော်လည်း လတ်တလော မြို့တစ်မြို့လုံးတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အဆက်အသွယ်ရရှိရန် ခဲယဉ်းနေသည်။

အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ KNLA ပူးပေါင်းတပ်က စခန်းသိမ်းနိုင်ခြင်းမှာ သတင်းအမှားဖြစ်ပြီး အသေအပျောက်များနေသဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း စစ်တပ်လက်အောက်ခံ ဝါဒဖြန့်မီဒီယာများက ဆိုထားသည်။