Home သတင်း KDHW ကျန်းမာရေးဝန်ထမ်းပါသည့်လှေပစ်ခတ်ခံရပြီး ရွာသားတစ်ဦးထိခိုက်ကာ KNLAတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

KDHW ကျန်းမာရေးဝန်ထမ်းပါသည့်လှေပစ်ခတ်ခံရပြီး ရွာသားတစ်ဦးထိခိုက်ကာ KNLAတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

809
Photo: KTLA

ဒီဇင်ဘာလ၊ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW) ကျန်းမာရေးဝန်ထမ်းလိုက်ပါသည့်လှေ ယနေ့ ဒီဇင်ဘာလ ၁၉ရက် နေ့ နံနက်ပိုင်းတွင်ပစ်ခတ်ခံရ၍ ဒေသခံရွာသားစက်လှေမောင်းသမားထိခိုက်ပြီး ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားကြောင်း ကေအဲန်ယူ တပ်မဟာ(၄)တာဝန်ရှိသူများက ပြောသည်။

ကစယ်ဒိုမြို့နယ်၏ (KDHW) ဝန်ထမ်းများနှင့် ကေအဲန်ယူ မြို့နယ် အမြဲကော်မတီဝင်များပါလာသည့် စက်လှေကို ၎င်းတို့ မြို့နယ်ရုံးမရောက်ခင် စပ်ကြားတွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ ဒေသခံ စက်လှေ မောင်းသမား ထိခိုက် ဒဏ် ရာရရှိပြီးနောက် ပစ်ခတ်မှုကို သွားရောက်စစ်ဆေးသည့် KNLA တပ်ရင်း(၁၂)တပ်ဖွဲ့ဝင်များကိုလည်း ထပ်မံ ပစ်ခတ်သည့်အတွက် တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားကြောင်း ကေအဲန်ယူ ဘိတ်-ထာဝယ်ခရိုင် အတွင်းရေးမှူး ပဒို စောအယ်နာက ယခုလို ပြောသည်။

၎င်းက ” မြို့နယ်ရုံးကနေ ဖောတောရွာကို ပြန်တက်ဖို့က အပစ်ခံရတာဖြစ်တယ်။ အဲမှာ လှေမောင်းတဲ့ရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။ အဲ့လိုထိတော့ လှေဆိပ်မှာ ကျနော်တို့ ရဲဘော်တွေက သွားကြည့်တဲ့အချိန် မှာလည်း ထပ်မံပစ်ခံထိတယ်။ အဲ့မှာ စနိုက်ပါနဲ့ပစ်ခတ်ခံရတော့ ရဲဘော် တစ်ဦး ကျဆုံးသွားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ကော်လာဖိုး ခေါ် စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ တာဝန်ရှိသူများဘက်က ပြောဆိုသည်။

အလားတူ ပစ်ခတ်မှုမျိုးကိုလည်း ယခု ဒီဇင်ဘာလထဲတွင် ၎င်းနယ်မြေထဲရှိ ကေအဲန်ယူ၏ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများကို (၃)ကြိမ်အထိ ပြုခဲ့ကြောင်းလည်း ကေအဲန်ယူ၏ ခရိုင်တာဝန်ရှိသူများကဆိုသည်။

ဘိတ်-ထားဝယ်ခရိုင်ရှိ KDHW တာဝန်ရှိသူတစ်ဦးက “ဒီဒေသမှာ ကေအဲန်ယူအောက်မှာရှိတဲ့ ကျန်းမာရေးဝန် ထမ်းဖြစ်ဖြစ်၊ ပညာရေးဝန်ထမ်းဖြစ်ဖြစ် သွားလာရတာမလုံခြုုံတော့တာ ကျမတို့အမြဲပြောတယ်။ ကော်လာဖိုး လူတွေရော၊ PDF တွေရော ကျမတို့သွားလာတာဆုံရင် ကျမတို့ဝန်ထမ်းတွေကိုဖမ်းပြီး ခေါင်းပေါ် လက်တင် ခိုင်း ပြီး တရားခံလို စစ်ဆေးခံရတာတွေရှိတယ်။ ဌာနဆိုင်ရာလူတွေဖြစ်စေ လူထုတွေဖြစ်စေ ဖမ်းဆီး စစ်ဆေးခံရ တာရှိတယ်။ ဌာနဆိုင်ရာလူဖြစ်ရင်တော့ပိုစစ်တာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပစ်ခတ်မှုနှင့်ပတ်သက်၍ KTLA (ကော်သူးလေအာမီ) ဗဟိုတာဝန်ရှိသူနှင့် ခရိုင်တာဝန်ရှိသူများကို ကေအိုင်စီ မှ ယနေ့ ဖုန်းဆက်သွယ်သော်လည်း ဆက်သွယ်၍မရသေးပေ။

ယခုလ (၉) ရက်နေ့ကလည်း ကေအဲန်ယူနှင့် ပူးပေါင်းလုပ်သည်ဟုဆိုကာ ဒေသအခေါ် ကနဲဟော ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သည့် ဖားတီးလေးလေ့ကို ကော်လာဖိုး(စောအယ်ခွီး) တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားခြင်းရှိကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ ကွယ်ကလူသတင်း လူမှုကွန်ယက်စာမျက်နှာ မှ သတင်းထုတ်ပြန်ထားသေးသည်။

အလားတူ KNLA တပ်ရင်း (၁၂) နယ်မြေထဲတွင် ကော်လာဖိုးဦးဆောင်သည့် KTLA အဖွဲ့နှင့် ပစ်ခတ် တိုက်ခိုက်မှု မကြာခဏရှိသလို ပစ်ခတ်မှုများကြောင့် နှစ်ဖက်ကျဆုံးမှုများလည်းရှိပြီး KTLA နှင့် ပူးပေါင်း လုပ်ဆောင်သည့် ရွာသားအချို့ကိုလည်း နယ်မြေ KNLA တာဝန်ရှိသူဘက်မှ ခေါ်ယူတွေ့ဆုံ သတိပေးမှုများလည်း ပြုလုပ်သည်ဟု နယ်မြေခံ သတင်းအရင်းအမြစ်များကဆိုသည်။

ယခုလို နယ်မြေအတွင်းရှိ ကရင်လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားသည့် ပွတ်တိုက်မှုပြဿနာများကို အမြန် ဖြေရှင်းရန် ကေအဲန်ယူ တပ်မဟာ(၄)နယ်မြေထဲရှိ ကရင်အရပ်ဖက်အဖွဲ့နှင့် ကျေးရွာလူထုများက ထုတ်ပြန်ချက် ထုတ် တောင်းဆိုခြင်းရှိသည့်အပြင် ပြီးခဲ့သည့် ဩဂုတ်လ (၁၂)ရက်နေ့က ကျရောက်သည့် (၇၃)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင်လည်း ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသေးသည်။