ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုအတွက် တိုက်ပွဲဝင်နေကြသူများအနေဖြင့် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် လူ့ဂုဏ်သိက္ခာအကြောင်းကို ပိုမိုလေ့လာသင်ယူကြရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို စတင်တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က တိုက်တွန်း ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၆ ရက်၊ ယမန်နေ့ညနေတွင် မယ်တော်ဆေးခန်းဝင်း၌ ကျင်းပသည့် သူမ၏ (၆၄) နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားတွင် ယခုလို တိုက်တွန်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာစင်သီယာမောင်က “ဒီလိုမျိုး လွတ်လပ်မှုတို့၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုဆိုတာက စဉ်ဆက်မပြတ် သယ်ဆောင်သွားရမယ့်၊ အားလုံးလေ့လာလိုက်စားပြီးတော့ လိုက်နာကျင့်သုံးရမယ့် အကြောင်းအရာတွေဖြစ်တယ်ပေါ့နော်။ မတရားမှုကို မကြိုက်လို့ လွတ်လပ်မှုကို လိုချင်လို့ ၊ ငြိမ်းချမ်း မှုကို လိုချင်လို့ ကျမတို့ အားလုံးတိုက်ပွဲဝင်နေကြတာလည်း တပြိုင်နက်ထဲမှာပဲ ကျမတို့ ကိုယ်တိုင်လည်း လွတ်လပ်မှုအကြောင်း၊ တရားမျှတမှုအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း၊ လူဂုဏ်သိက္ခာ အကြောင်းဆိုတာကို ပိုပြီးတော့ လေ့လာသင်ယူကြဖို့ လိုတယ်။”ဟု ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာပြည်တွင်း တော်လှန်ရေးသည် စုဖွဲ့မှုမျိုးစုံဖြင့် စုပေါင်းလုပ်ဆောင်ကြပြီး တရားမျှတ သည့် တိုက်ပွဲဖြစ်သောကြောင့် အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဒေါက်တာ စင်သီယာမောင်ဆက်ပြောသည်။
“ကျမတို့ကိုယ်တိုင်လွတ်မြောက်ဖို့ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းဝန်းကျင်၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု အဲ့တာတွေအတွက် ကျမတို့ တိုက်ပွဲဝင်တာဖြစ်တယ်။ အခု တိုက်ပွဲဟာ စုဖွဲ့မှုမျိုး ပုံစံအမျိုးမျိုးနဲ့ စုပေါင်း လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် တရားမျှတတဲ့တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့် အားလုံးလည်း အောင်နိုင်မယ်လို့ ယုံကြည်တယ်။ အားလုံး ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းမှုကို ပိုင်ဆိုင်ရဖို့အတွက် ဆက်လက်လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။”ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။
ယမန်နေ့ ဒေါက်စင်သီယာမောင်၏ လုပ်ဖော်ကိုင်ဖက်များ စုပေါင်းကျင်းပသည့် မွေးနေ့ပွဲအခမ်းအနားသို့ ထိုင်း-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ မယ်တော်ဆေးခန်းဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများအပါအဝင် စုစုပေါင်း ပရိဿတ် ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မွေးနေ့ရှင်အတွက် ဆုတောင်းပေးခြင်း၊ ဂုဏ်ပြုကဗျာရွတ်ဖတ်ခြင်း၊ တက်ရောက်လာ လုပ်ဖော်ကိုင်ဖက်များမှ ဂုဏ်ပြုစကားပြောကြားခြင်း၊ တိုင်းရင်းသားရိုးရာဝတ်စုံဖြင့်ကပြဖျော်ဖြေခြင်း၊ ကရင်ရိုးရာဒုံးအကဖြင့် ကပြဖျော်ဖြေခြင်းနှင့် တက်ရောက်လာသူများကို ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
ဒေါက်တာစင်သီယာမောင်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည့် Retired Chief Medical Officer. Dept. of Health. South Africa မှ ဒေါက်တာသိန်းဝင်းက “ဆရာမကြီးနဲ့ ကျနော်က ၂၀၀၀ ခုနှစ်လောက်က တည်းက စတွေ့တယ်။ ဆရာမရဲ့လုပ်ငန်းတွေကိုတွေ့ရတော့ အရမ်းလည်းလေးစားတယ်။ နှစ်တိုင်း လိုလို ဆရာမကြီးမွေးနေ့ကို လာတယ်။ ဒီနေ့လည်း ဆရာမကြီးပြောသွားတဲ့ စကားလိုပဲ။ ကျနော်တို့က ငြိမ်းချမ်းရေးအတွက် လူသားအားလုံးအတွက် ဆက်ပြီးလုပ်ဆောင်ရမယ်။ အခုအချိန်က အရင်တွေထက် အောင်မြင်လာတာတွေ့ရတယ်။ ရှေ့ဆက်လည်း ကျနော်တို့ အတူတူ လုပ်ဆောင်ကြအုံးမှာပါ။” ကေအိုင်စီသို့ပြောသည်။

ထို့အပြင် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ဒါရိုက်တာ ဆရာစောဝင်း ကျော်ကလည်း “ဆရာမကြီးဟာဆိုရင် ကလေးငယ်အများအပြားကို ကာကွယ်ပေးတဲ့ဘက်ကဖြစ်စေ၊ ကျန်းမာရေးဘက်မှာဖြစ်စေ နှစ်သုံးဆယ်ကျော် သူလုပ်ခဲ့ပြီးသွားပြီး။ ရှေ့ဆက်ဆရာမကြီးရဲ့ ဦးဆောင်မှု အောက်မှာ အများအကျိုးအတွက် ကျနော်တို့ ပူးပေါင်းလက်တွဲပြီး အလုပ်တွေ ဆက်လုပ်သွား ချင်ပါသေးတယ်။ အဲ့ဒါကြောင့် ဆရာမကြီးကျန်းကျန်းမာမာနဲ့ ဒီထက်မက အများအကျိုးလုပ် ဆောင်နိုင်ပါစေလို့ ကျနော်တို့ မျှော်လင့်ဆုတောင်းပေးပါတယ်။” ဟု ပြောသည်။
မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် ဒေါက်တာစင်သီယာမောင်သည် ၁၉၈၉ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မယ်တော်ဆေးကို စတင်တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တ လျှောက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၊ မြန်မာဒုက္ခသည်များနှင့် နိုင်ငံမဲ့ပြည်သူများအား ဆယ်စုနှစ် သုံးခုကျော်ကြာ အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။
ဒေါက်တာ စင်သီယာမောင်သည် ၁၉၉၉ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ အာရှဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာမှ ပေးအပ်သော ဆုပေါင်း ၂၀ ကျော်အထိရရှိထားသူလည်း ဖြစ်သည်။
ယခုနှစ်ကျရောက်သည့် ဒေါက်တာစင်သီယာမောင်၏ ၆၄ နှစ်မြောက်မွေးနေ့ပွဲကို ယမန်နေ့ ညနေတွင် ပြုလုပ်ကျင်းပသည့် မိတ်ဆုံစားပွဲအပြင် နံနက်ပိုင်းတွင်လည်း မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များ မွေးနေ့ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သေးသည်။



















