Home သတင်း လောင်းလုံးရဲစခန်းနှင့် (စရဖ)ရုံး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

လောင်းလုံးရဲစခန်းနှင့် (စရဖ)ရုံး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

880
Photo: LLPDF

ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးကို ဒေသအခြေစိုက်ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံးမြို့နယ်-LLPDF က ယ နေ့ ထုတ်ပြန်ထားသည်။

အဆိုပါ ရဲစခန်းနှင့် (စရဖ)ရုံးတို့တွင် စစ်ကောင်စီများ ဝင်ရောက်တပ်စွဲထားသည့်အပေါ် ဒီဇင်ဘာလ(၆)ရက်၊ ယမန်နေ့ နံနက် ၄နာရီခွဲ ဝန်းကျင်အချိန်တွင် လောင်းလုံးမြို့မရဲစခန်းနှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ (စရဖ)ရုံးကို လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFနှင့် ထားဝယ်နဂါးတပ်ခွဲ(၅)တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း LLPDFမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “စရဖရုံးမှာက အင်အား(၁၅)ဝန်းကျင်ရှိပြီး မြို့မရဲစခန်းဘက်မှာကတော့ အင်အား(၂၀)ကျော်ရှိပါတယ်။ တပြိုင်တည်း သွားရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်က ၂ ကောင်သေပြီး၊ ၂ ကောင်ဒဏ်ရာပြင်းထန် ပါတယ်။”ဟု ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

ဒေသအခြေစိုက် ပူးပေါင်းတပ်ဖွဲ့ဝင်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက် တိုက်ခိုက်ချိန်တွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ်(၃၀)ကြာမြင့်သော်လည်း ဒေသအခြေစိုက်ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တစ်စုံ တစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ၎င်းတာဝန်ခံက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်မှုများကြောင့် လောင်းလုံးမြို့ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေရာအနှံ့ လုံခြုံရေးတင်းကြပ်စွာ တိုးမြှင့်ထားသည့်အပြင် စစ်ဆေးတင်းကြပ်မှုများကိုလည်း ဆက်တိုက်လုပ်ဆောင် နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေး ခက်ခဲမှုများလည်း ရှိနေကြောင်း လောင်းလုံးဒေသ ခံတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မြို့တွင်း စစ်ရေးအရှိန်ဟုန် မြင့်တက်လာသောကြောင့် တိုက်ပွဲကြီးများ အချိန်မရွေး ဖြစ်ပွားနိုင်၍ သတိထားသွားလာကြရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က သတိပေးထုတ်ပြန်ထားမှုများရှိကြောင်း သိရသည်။