Home သတင်း ရေတာရှည်၊ ကျွန်းတောစုရွာမှ ဖမ်းဆီးခံရွာသား ၃ ဦးအနက် နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာ

ရေတာရှည်၊ ကျွန်းတောစုရွာမှ ဖမ်းဆီးခံရွာသား ၃ ဦးအနက် နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာ

1142
Photo: CJ

ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာတမံအနီးရှိ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုရွာသို့ ဒီဇင်ဘာလ(၁)ရက်နေ့က ဝင်ရောက်စီးနင်း လာသော စစ်ကောင်စီတပ်များက ရွာနေဒေသခံအမျိုးသား(၃)ဦးအား ဖမ်းဆီးခေါ် ဆောင်သွားရာ လက်ရှိတွင် နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်တပ်သတင်းပေး၏သတင်းပေးမှုဖြင့်နေရပ်လိပ်စာ စာရင်းကိုင်ဆောင်ကာ ကျွန်းတောစုရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် သက်လတ်ပိုင်းအရွယ် ဒေသခံ(၃)ဦးအား ရွာအတွင်း ရိုက်နှက်ဖမ်းဆီးကာ တောင်ငူစစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးမှ နှစ်ဦးကို ပြန်လွှတ်ပေး လိုက်ခြင်းဖြစ်ပြီး အသက်(၃၅)နှစ်အရွယ် ကိုကျော်လှိုင်အား ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“(၃)ယောက်လုံးကို ဖမ်းခေါ်သွားကတည်းက ဘာမှအဆက်အသွယ်မရဘဲ ဖြစ်နေတာ။ ကျန်တဲ့ နှစ်ယောက်က ဒီနေ့ပဲ ရွာပြန်ရောက်နေပြီ ကျန်တဲ့တစ်ယောက်ကတော့ ပြန်မလွတ်သေးဘူး သတင်းလည်းမကြားဘူး။ ဖမ်းခံရတဲ့သူတွေကသာမန်ရွာခံတွေပါပဲ ။ ဘယ်သူနဲ့မှအဆက် အသွယ်မရှိပါဘူး” ဟု ဒေသခံများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ကျေးရွာအတွင်းဝင်ရောက်စဥ် ဒေသခံပိုင်နေအိမ်များအား ဖျက်ဆီးမွှေ နှောက်ခြင်းနှင့် ၎င်းတို့သံသဃရှိနေအိမ်(၇)လုံးအား ချိတ်ပိတ်ခြင်းများ လုပ်ဆောင်သဖြင့် ရွာလုံး ကျွတ်နီးပါး ထွက်ခွာတိမ်းရှောင်ခဲ့ရသလို လက်ရှိအချိန်ထိ ရွာအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်အချို့ ကျန်ရှိနေသေးကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (၃၅၀၁)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

၎င်းက “အိမ်(၇)လုံးကိုတော့ မွှေနှောက် အိမ်တံခါးတွေဖျက်ဆီးပြီး ချိတ်ပိတ် သွားတယ်။ အဲဒီရက် ကတော့ တစ်ရွာလုံးနီးပါးရွာထဲကရှောင်ကြတာပေါ့။ အိမ်တွေ ချိတ်ပိတ်ဘာညာပြီးတော့မှ ရွာခံတစ် ဝက်လောက်က ရွာထဲပြန်နေကြတာ အခုရွာထဲမှာ သူတို့အင်အားနည်းနည်းကျန်နေခဲ့သေးတယ်။ ပြန်လာတဲ့သူတွေကိုတော့ စစ်တပ်က စစ်ဆေးတာတို့ဘာတို့တော့ လုပ်တာရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ယခင်ကလည်း စစ်ကောင်စီတပ်များက အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများ အတွင်း ဝင်ရောက်ကာ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့စဥ် အကြောင်းအရင်းမခိုင်လုံသဖြင့် ပြန်လည် လွတ်မြောက်လာသူအချို့ ရှိသော်လည်း အချို့မှာ မိသားစုဝင်များဖြင့် အဆက်အသွယ်မရတော့ဘဲ သတင်းအစအနပျောက်ဆုံးခြင်းနှင့် ထောင်ချခံရခြင်းများရှိခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (၃၅၀၁)တပ်ရင်းထံမှ သိရသည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်အပိုင် ကျေးရွာပေါင်း နှစ်ဆယ်ကျော်တွင် အမျိုး သားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များထားရှိပြီး တော်လှန်ရေး အင်အားစုများက အတန်အသင့်နယ်မြေစိုးမိုးမှုရရှိနေချိန်တွင် စစ်ကောင်စီဘက်က ကျေးရွာများသို့ ဝင်ရောက်ကာ အရပ်သားပြည်သူများအား ထိုသို့ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းက တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်များအား (၃၅၀၁)တပ်ရင်း ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၁၀)ဦး သေဆုံး၍ ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ ရှိခဲ့ပြီးနောက်ပိုင်း လက်နက်ခဲယမ်းစုဆောင်းမှုများ ပြုလုပ်ပြင် ဆင်နေကြောင်း ထိုတော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။