Home သတင်း တနင်္သာရီအခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းသမားနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

တနင်္သာရီအခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းသမားနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

793
Photo: CJ

ဒီဇင်ဘာလ ၁၃ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာန၏ မြိတ်မြို့မှ သတင်းထောက် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦး နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၎င်းတို့၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း Dawei Watch သတင်းဌာနမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးနှစ်ဦးကို ဒီဇင်ဘာလ ၁၁ရက်နေ့ ညသန်း ခေါင်အချိန်တွင် ၎င်းတို့၏ နေအိမ် သို့လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး သတင်းဌာနပိုင် (Laptop) ကွန်ပျူ တာနှစ်လုံး နှင့် သတင်း ထောက်နှစ်ဦး၏ လက်ကိုင်ဖုန်းများ အပါအဝင် မိသားစုဝင်များ၏ ဖုန်းများကိုပါသိမ်းဆည်းသွားကြောင်း Dawei Watch သတင်းဌာန၏ အယ်ဒီတာဖြစ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မိသားစုဝင်တွေနဲ့ ဖမ်းခံထားရတဲ့သူတွေနဲ့က အဆက်အသွယ်မရဘူး။ လာဖမ်းတဲ့ အချိန်မှာတော့ သတင်းရေးလို့ ဖမ်းတယ်လို့သူတို့မိသားစုဝင်တွေ ကတော့ပြောတယ်။ သူတို့ရဲ့လက်ပ်တော့တွေ ဖုန်းတွေလည်း သိမ်းသွားတယ်။ မိသားစုဝင်တွေရဲ့ ဖုန်းတွေလည်း သိမ်းသွားတယ်လို့သိရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် Dawei Watch သတင်းဌာနအနေဖြင့် လက်ရှိတွင်လည်း သတင်းသမား ကျင့်ဝတ်နှင့်အညီ ပြည်သူ များထံသို့ သတင်းရေးသားတင်ပြလျက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီမှ ယခုလို သတင်းရေးသားသည့် အကြောင်းပြချက်ဖြင့် မတရားဖမ်းဆီးခြင်းသည် လုံးဝမဖြစ်သင့်ကြောင်းနှင့် ဖမ်းဆီးခံရသည့် သတင်းသမား နှစ်ဦးကိုလည်း ပြန်လည်လွတ်ပေးစေလိုကြောင်း ၎င်းအယ်ဒီတာကဆက်ပြောသည်။

Dawei Watch သတင်းဌာနကို ပြီးခဲ့သည့်၂၀၁၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သတင်းမီဒီယာ လိုင်စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာနတစ်ခုဖြစ်ကာ ၂၀၂၂ခုနှစ်အထိ တနင်္သာရီဂျာနယ်များကို ဖြန့်ဝေခဲ့သော်လည်း စစ်ကောင်စီမှ ၂၀၂၂နှစ်ဆန်းပိုင်းတွင် ၎င်းသတင်းဌာနမှ သတင်းသမားသုံးဦးကို ဖမ်းဆီးခဲ့သောကြောင့် ဂျာနယ် ဖြန့်ဝေခြင်းကို ရပ်နားထားခဲ့ရပြီး အွန်လိုင်း (Online) စနစ်ဖြင့်သာ သတင်းများကိုရေးသားဖြန့်ဝေခဲ့ရကြောင်း ဌာနကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း ဖမ်းဆီးခံထားရသည့် သတင်းထောက် စုစုပေါင်း ၈ ဦး အထိရှိလာပြီး ဖမ်းဆီးခံခဲ့ရသူ ၆ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သူများထဲမှ ထောင်ဒဏ်ချမှတ်ခံပြီးမှ ပြန်လည်လွတ်မြောက်လာသူများရှိသလို အဖမ်းခံရသည့် ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသည့် သူများလည်းရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောစကားအရသိရသည်။