Home တွေ့ဆုံမေးမြန်းခန်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ -IPCM ဥက္ကဋ္ဌနှင့် မေးမြန်းချက်

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ -IPCM ဥက္ကဋ္ဌနှင့် မေးမြန်းချက်

689

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ -IPCM ဥက္ကဋ္ဌနှင့် မေးမြန်းချက်

‘ဘယ်သတင်းက အမှား၊ ဘယ်သတင်းက အတု ဆိုတာတွေကိုလည်း လူထုက ခွဲခြားတတ်သွားနိုင်ဖို့ ကျမတို့တွေက သတင်းမီဒီယာ သိနားလည်မှု ပညာပေးတာတွေ လုပ်ရင်းနဲ့ ထိန်းကျောင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။’

ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများအပါအဝင် တစ်သီးပုဂ္ဂလသတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ နှင့် ဒေသအခြေပြုမီဒီယာများပါဝင်သည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar -IPCM) ကို တရားဝင်အတည်ပြု ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၀)ရက်မှ (၂၂)ရက်နေ့အထိ ထိုင်းနိုင်ငံတစ်‌နေရာတွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကောင်စီညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။

IPCM ၏ ညီလာခံအတွင်း အမှုဆောင်ကော်မတီဝင်များအဖြစ် ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးအပါအဝင် ကောင်စီဝင် (၁၀)ဦးအား လျှို့ဝှက်မဲ ပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

IPCM အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ဆောင်ချက်များအပါအဝင် စစ်ကောင်စီက မတရားဖမ်းဆီးထားသော မြန်မာသတင်းသမားများအတွက် မည်သို့ ရပ်တည်ပေးမည့်အခြေအနေများနှင့်ပတ်သက်ပြီး IPCM၏ ဥက္ကဌဖြစ်သူ နန်းဖော့ဂေအား မေးမြန်းထားသည်။

မေး။ ။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM ကို ဘယ်လို ဖွဲ့စည်းခဲ့တာလဲ။
ဖြေ။ ။ လတ်တလော အနေအထားမှာ ချိတ်ဆက်လို့ ရသလောက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ တစ်ဖွဲ့ချင်းစီ တိုင်ပင်ပြီး ဒီလိုဖွဲ့စည်းနိုင်ဖို့ သဘောထားတွေ ရယူခဲ့တယ်။ တဆက်တည်းမှာ သင့်တော်တဲ့ ကောင်စီရဲ့ ဖွဲ့စည်းပုံ ကိုလည်း ပြင်ဆင်ထားခဲ့တယ်။ နောက်တစ်ဆင့်မှာက စုစည်းလို့ရသလောက်သော သတင်းဌာနတွေ၊ မီဒီယာ ကျွမ်းကျင်သူတွေ အားလုံးကို အွန်လိုင်းနဲ့ စုရပ်တစ်ခု ပေါင်းစပ်ပုံစံ ကျင်းပပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကလည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက လွတ်လပ်တဲ့ သတင်းသမားတွေ၊ မီဒီယာတွေကို ကိုယ်စားပြုပေးနိုင်တဲ့ မီဒီယာကောင်စီဆိုတာ မြန်မာနိုင်ငံမှာ မရှိတော့ဘူး။ စစ်ကောင်စီ လက်အောက် က မြန်မာသတင်းမီဒီယာကောင်စီ ဆိုတာလည်း လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာအတွက် ကိုယ်စားမပြုလို့ ကျမတို့ က အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်။

မေး။ ။ IPCM အနေနဲ့ အဓိက ထိန်းကျောင်းလုပ်ကိုင်မှာတွေက ဘာလဲ။ ဘယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှာ လဲ။
တစ်နိုင်ငံလုံး ပဋိပက္ခတွေ များပြားနေတဲ့ ဒီလိုကာလမှာ သတင်းတွေကို ပရောဖက်ရှင်နယ်ကျကျ ရေးသားဖော်ပြ ထုတ်လွှင့်နိုင်ဖို့နဲ့ မီဒီယာလွတ်လပ်ခွင့်ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုနိုင်ရေးအတွက် အကြံပြုရင်း ထိန်းကျောင်းလုပ် ဆောင်သွားဖို့ ရှိပါတယ်။ ဒီအပေါ်မှာ မီဒီယာလွတ်လပ်ခွင့်တွေ၊ လွတ်လပ်စွာ သတင်းရယူခွင့်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ နိုင်ငံတကာမီဒီယာအစုအဖွဲ့တွေနဲ့ IPCM က ချိတ်ဆက်လုပ်ဆောင်သွားမှာပါ။

မေး။ ။ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားတွေအတွက် IPCM က ဘာတွေ ရပ်တည်လုပ်ဆောင် ပေးမှာလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး တရားစွဲဆို ထောင်ချနှိပ်စက်ခံရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေနဲ့ ပတ် သက်လို့ အချက်အလက် စုဆောင်းထားတယ်။ ဒီလို စုဆောင်းထားတဲ့ မှတ်တမ်းတွေကို အများပြည်သူနဲ့ နိုင်ငံတ ကာမီဒီယာက သိအောင်လည်း ထုတ်ပြန်သွားမယ်။ ထောင်ချခံနေရဆဲ သတင်းသမားတွေ ပြန်လည်လွှတ်မြောက်ဖို့အတွက်လည်း သတင်းသမားကာကွယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ တောင်းဆိုသွားဖို့ ဆွေးနွေးထားကြပါတယ်။

မေး။ ။ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာသတင်းသမားတော်တော်များများက အကြောင်းအမျိုးမျိုးနဲ့ သတင်းလောကကို စွန့်ခွာသွားကြတာ တွေ့ရတယ်။ ဒီအပေါ်မှာ IPCM အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ သတင်းအချက်အလက်ဆိုတာ အများပြည်သူအတွက် အချိန်တိုင်းမှာ အရေးကြီးနေပါတယ်။ အထူးသဖြင့် အခုလိုကာလ သတင်းအချက်အလက်တွေ၊ ရုပ်ပုံတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေတဲ့အချိန်မှာ မှန်ကန်တဲ့ သတင်း တွေကို ကျမတို့တွေ ပိုလို့တောင် အများပြည်သူကို ဝန်ဆောင်ပေးနေရအုံးမှာပါ။ ဒီအတွက်ကြောင့် သတင်းတွေကို တိကျခိုင်လုံစွာ အဆက်မပြတ်စတမ်း ရေးသားထုတ်လုပ်သွားဖို့ လိုအပ်ပါတယ်။ သတင်းလောကကို စွန့်ခွာ သွားကြသူတွေကလည်း မိသားစုရပ်တည်ရေးကြောင့်၊ လုံခြုံရေးကြောင့် ဆိုတာတွေကို ကျမတို့နားလည်ပါတယ်။ သို့သော် သတင်းစာ ပညာကို လုံး၀ စွန့်လွှတ်လိုက်တာထက် အခြေအနေပေးတဲ့အခါ နိုင်ငံပြန်လည်ထူထောင်ချိန်မှာ သတင်းလုပ်ငန်းကို ပညာရှင်ဆန်ဆန် ပြန်လည်လက်တွဲလုပ်ဆောင်သွားကြဖို့ IPCM အနေနဲ့ ပြောချင်ပါတယ်။

မေး ။ ။ စစ်တပ်လက်အောက်ခံမီဒီယာတွေက မြန်မာနိုင်ငံရဲ့သတင်းမီဒီယာကို ကိုယ်စားပြုပြီး နိုင်ငံတကာ မီဒီယာအစည်း အဝေးတွေမှာ တက်ရောက်တာ၊ ပြီးတော့ မြန်မာနိုင်ငံက အခြားမီဒီယာတွေရဲ့သတင်းတွေဟာ သတင်းတု သတင်းမှား တွေပါဆိုပြီး ပြောဆိုနေတဲ့အပေါ်မှာကော IPCM အနေနဲ့ ဘာတွေလုပ်ဆောင်သွားမလဲ။
ဖြေ ။။ ကျမတို့ကတော့ အပြောထက် အလုပ်နဲ့ပဲ သက်သေပြသွားချင်ပါတယ်။ ကျမတို့လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရေးသားဖော်ပြနေတဲ့ အကြောင်းအရာတွေက မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာ မှန်ကန် ကြောင်းကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက သိရှိနေကြပါတယ်။ ဒီတော့ ကျမတို့ထုတ်လုပ်တင်ဆက်နေတဲ့ သတင်းတွေက သတင်းတု သတင်းမှား မဟုတ်ဘဲ ကျမတို့သတင်းကိုပဲ တန်ပြန်ပြီး အချက်အလက်မှန်ကို အချက် အလက်မှားအဖြစ် စစ်ကောင်စီရဲ့ သတင်းတွေက ပုံမှားရိုက် ဝါဒဖြန့်နေတာတွေကို နိုင်ငံတကာသိအောင်တော့ IPCM က ဆက်လုပ်ဆောင်သွားရမှာပါပဲ။

မေး။ ။ အာဏာသိမ်းပြီး နောက်ပိုင်း တော်လှန်ရေးနဲ့ ဆက်စပ်ပြီး အွန်လိုင်းပေါ်မှာ သတင်းမီဒီယာတွေ အများကြီး ပေါ်လာတယ်။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေတင်ဆက်တယ်။ တချို့တွေက စည်းလွတ်ဝါးလွတ် သတင်းရေးသား တာတွေ ရှိတယ်။ အတည်ပြုချက် မယူဘဲ သတင်းမှားတွေ တင်ဆက်တာတွေ ရှိတယ်။ ဒါကိုကော IPCM အနေနဲ့ ထိန်း ကျောင်းသွားမှာလား။
ဖြေ။ ။ စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ သတင်းမီဒီယာတိုင်းက ဒီဂျစ်တယ်ပလက်ဖောင်းကိုပဲ အဓိက ထားလာကြတယ်။ အလားတူပဲ တော်လှန်ရေးနဲ့ဆက်စပ်တဲ့ အွန်လိုင်းမီဒီယာတွေလည်း ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ အတော်များပြားလာတာက အားသာချက်ပေါ့။

ဒါပေမယ့် စည်းလွတ်ဝါးလွတ် ရေးသားချက်မျိုးက သတင်းပညာရှင်မဆန်သလို ဖြစ်တယ်။ အများပြည်သူကို စိတ်ခံစား ချက်တွေပြင်းထန်အောင်၊ အမုန်းတရား ကြီးမားအောင်တော့ မီဒီယာက မလုပ်သင့်ဘူးပေါ့နော်။ ဒါတွေကို ထိန်း ကျောင်းသွားဖို့က လက်ခံနိုင်မှုရှိတဲ့ မီဒီယာတွေ၊ သတင်းစာမျက်နှာတွေကိုတော့ ကျင့်ဝတ်ကို စောင့်ထိန်းတဲ့အနေ နဲ့ တည့်မတ်အကြံပြုပေးသွားတာမျိုးတော့ ဖြစ်နိုင်မှာပါ။

တစ်ခုပြောချင်တာက စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်တွေ ပျက်သုဉ်းသွားဖို့အတွက် ကျမတို့ဟာ စတုတ္ထ မဏ္ဍိုင် မီဒီယာကနေ ဝန်းရံနေတာဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေနဲ့ သတင်းတွေကို အဆိပ်အတောက်အ ဖြစ် အသုံးမပြုကြဖို့တော့ IPCM အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။

မေး ။ ။ အာဏာသိမ်းခါစမှာ ‌ပြည်သူလူထုက သတင်းမီဒီယာတွေကို တော်တော်အားကိုးခဲ့ကြသလို ယုံကြည်ခဲ့ကြတယ်နော်။ ‌နောက်ပိုင်းမှာတော့ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာတဲ့ သဘောမျိုးတွေ ပြည်သူတွေကြားထဲ တွေ့ရတယ်။ သတင်းဌာနတွေက ဖော်ပြတဲ့သတင်းတွေကို စစ်တပ်လက်အောက်ခံမီဒီယာတွေက အချက်အလက်နဲ့ ထောက်ပြပြီး ဒါဟာ ဝါဒဖြန်တဲ့ သတင်းမှားတွေဆိုပြီး ကောင်တာပြန်တိုက်တာတွေ ရှိတယ်။ ဒီအပေါ် IPCM အနေနဲ့ ဘယ်လိုတွေထိန်းကျောင်းသွားဖို့ရှိလဲ။
ဖြေ။ ။ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ သတင်းပြန်ကြားရေးနဲ့ သူတို့လက်အောက်ခံ သတင်းမီဒီယာတွေကို ထိန်းကျောင်းသွား ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေမရှိပါဘူး။ အဓိက ပြောချင်တာကတော့ သတင်းပညာနဲ့ ကျင့်ဝတ်ကို အများပြည်သူကသာ ကောင်းကောင်း သိရှိနားလည်ကျွမ်းဝင်ထားမယ်ဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်လိုအစုအဖွဲ့မျိုးရဲ့ ဝါဒဖြန့်ချိ မှုကိုမှ နားယောင်ပြီး ယုံကြည်သွားမယ်လို့ မထင်ပါဘူး။ ဒါ့အပြင် ဘယ်သတင်းက အမှား၊ ဘယ်သတင်းက အတု ဆိုတာတွေကိုလည်း လူထုက ခွဲခြားတတ်သွားနိုင်ဖို့ ကျမတို့တွေက သတင်းမီဒီယာ သိနားလည်မှု ပညာပေးတာတွေ လုပ်ရင်းနဲ့ ထိန်းကျောင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။