ဒီဇင်ဘာလ၂၁ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊တပ်မဟာ(၆)နယ်မြေတွင် လက်နက် အပြည့် အစုံနှင့် အတူ ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၃၈)တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးကို ငွေကျပ် ၁၅၀ သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ဒူးပလာယာခရိုင်မှယနေ့တွင် ထုတ်ပြန် သည်။
အဆိုပါ လက်နက်ချအလင်းဝင်လာသူမှာ ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေအတွင်း ခြေချလှုပ်ရှားနေသည့် (ခလရ-၂၃၈)မှ ဒုတပ်ကြပ်အဆင့်ရှိသူ အသက် ၂၃ နှစ်အရွယ် ရဲကိုကိုဆိုသူဖြစ်ကာ လက်နက်ခဲယမ်း အပြည့် အစုံဖြင့် ကေအဲန်ယူ တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်း အလင်းဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ရေးသားဖော်ပြထားသည်။
တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက်သည်းခံနိုင်မှုမရှိတော့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် ၎င်း၏တပ်မှ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ နွေးထွေးသော ပြည်သူ့ရင်ခွင်သို့ ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း ဒုတပ်ကြပ် ရဲကိုကို၏ ပြောဆိုချက်ကို ကိုးကားပြီး ဒူးပလာယာခရိုင်က ဆိုထားသည်။
ထို့အပြင် အလင်းဝင်လာသူထံမှ MA-4 ပူးတွဲ(၁)လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နှင့် ၅.၅၆ ကျည်တောင့် (၇၅) တောင့်ပါဝင်လာကြောင်း တပ်မဟာ(၆)ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အလားတူ ဒူးပလာယာခရိုင်အတွင်း တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဦးရေ နေ့စဉ်မြင့်တက်နေ၍ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆက်လက် လိုအပ် နေသေးကြောင်း ခရိုင် သတင်းနှင့်ပြန်ကြားရေး၏ ပြီးခဲ့သည့် ဒီဇင် ဘာလ(၂၀)ရက်နေ့ ထုတ်ပြန်ချက်အရသိရ သည်။