Home တွေ့ဆုံမေးမြန်းခန်း မူးယစ်ဆေး နဲ့ ပတ်သက်ပြီး DARE-Network ၏ လုပ်ဆောင်ချက်

မူးယစ်ဆေး နဲ့ ပတ်သက်ပြီး DARE-Network ၏ လုပ်ဆောင်ချက်

691

မူးယစ်ဆေး နဲ့ ပတ်သက်ပြီး DARE-Network ၏ လုပ်ဆောင်ချက်

မူးယစ်ဆေးကုသမှုနှင့် ပညာပေးလုပ်ဆောင်နေမှုတွေကို DARE-Network ၏ မန်နေဂျာ စဂျွန် နှင့် သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ယနေ့ခေတ်လူငယ်တွေ အသုံးပြုလာကြတဲ့ မူးယစ်ဆေးတွေဟာ ယခင်နဲ့ဘာကွာခြားမှုရှိပါသလဲ။
ဖြေ – အရက်က အကုန်လုပ်သွားပြီ။ အရက်ကိုသောက်သုံးတဲ့သူတွေ ရှိပေမယ့်လို့ ငွေရေးကြေးရေး မတတ်နိုင်တဲ့သူတွေပဲ သောက်တာ။ သောက်နိုင်တဲ့သူတွေက အခုလူငယ်တွေ၊ တချို့လူကြီးတွေလည်း ပါပါတယ်။ များသောအားဖြင့်က ရာမလို့ဆိုကြတယ်။ ရာမဆိုတာ အမျိုးအစားခွဲရင် ဘိန်း၊ ဘိန်းဆိုတာ အဖြူမဟုတ်ဘူး၊ အမည်း။ ဘိန်းမည်းဆိုတာ အကြောထဲသွင်းတာ။ ရှုတာနည်းတယ်။ သောက်တာနည်းတယ်။ အပ်နဲ့အရည်ဖျော်ပြီးတော့ အကြောထဲထိုးတာ။ နောက်ပြီးတော့ပေါ်လာတာ ICE။

ICE ဆိုတာက တစ်‌ခုကို ၇၀၀ ပေးရတယ်။ ဒါကလည်း ပိုက်ဆံရှိတဲ့သူမှ လုပ်နိုင်တာ။ များသောအားဖြင့်က ရာမနဲ့ ဘိန်းပေါ့။ အခုလူငယ်တွေလုပ်နေကြတာက Tramadol ဆိုတာ ဆေးရုံမှာ ခြေထောက်ဖြတ်ရမှာတို့ ၊ တကယ့်ကို ကိုက်ခဲပြီးမခံနိုင်တဲ့ လူနာတွေအတွက် သုံးတဲ့ဆေးကို သူတို့ကမူးယစ်ဆေးဝါးအဖြစ် သုံးတာပေါ့။ အဲဒါကိုသူတို့ကရိုးရိုးသုံးတာ မဟုတ်ဘူး။ Tramadol အခွံ့ကိုခွာလိုက်ပြီး အထဲထဲက အမှုန့်တွေကို ပက်ဆီတို့ ကိုကာကိုလာတို့အထဲမှာရောပြီး ထည့်သောက်ကြတာ။ လူငယ်တွေက ကျောင်းသားတွေတောင်ပါတယ်။ ရောသောက်တော့ ပိုပြီးတက်မြန်တယ်။ သောက်လာတာကြာရင် လူကပုံမှန်မရှိတော့ဘူး။ ပျက်စီးခြင်းရောက်တယ်။ အိမ်ကပစ္စည်းတွေခိုးပြီး စကားနားမထောင်တော့ဘူး။ ကျနော်ဆီရောက်လာတာ အဲ့လိုလူတွေများတယ်။ အခုပေါ်လာတဲ့သူတို့ခေတ်စကားနဲ့ခေါ်ရင် Happy water ပေါ့။ Happy water ဆိုတာက သူတို့ပဲသယ်သွားတာ။ ကျနော်တို့မသယ်ရဲဘူး။ အဲဒီ Tramadol အမှုန့်တွေကို ပက်ဆီထဲထည့်ပြီး ဖျော်သောက်တာ။ တစ်ယောက်တည်းမဟုတ်ဘူး။ အုပ်စုလိုက်သောက်ကြတာပေါ့။

မေး – မူးယစ်ဆေးအရောင်းအဝယ် တွင်ကျယ်လာမှု၊ မူးယစ်ဆေးသုံးစွဲမှု များပြားလာခြင်းအပေါ် ဆရာ့ရဲ့အမြင်ကိုပြောပြပေးပါ။
ဖြေ – ကျနော်တို့စခန်းက ဒုက္ခသည်စခန်းဆိုတော့ နံပါတ်(၁) ကတော့ နိုင်ငံရေးစနစ်ဗျ။ နိုင်ငံရေးစနစ် မကောင်းဘူးဗျ။ နံပါတ် (၂) ကလည်း နိုင်ငံရေးစနစ်မကောင်းတော့ ပညာရေးစနစ်ပေါ့။ ကျောင်းနေနိုင်တဲ့ သူရှိသလို၊ ကျောင်းမနေနိုင်တဲ့သူလည်းရှိတယ်။ ပညာရေးစနစ်မကောင်းတော့ လူမှုရေးစနစ်လည်း မကောင်းဘူး။ နောက်ဆုံးကတော့ အုပ်ချုပ်မှုစနစ်လျော့ရဲလို့။ အားလုံးကိုဆိုလိုတာတော့ မဟုတ်ဘူး။ ကျနော်တို့က သူများထိုင်းနိုင်ငံမှာ နေရတာဆိုတော့ ထိုင်းအုပ်ချုပ်မှုအောက်မှာနေရတာ တစ်ပိုင်းလည်းပါတယ်။ လုပ်ချင်သလိုလုပ်လို့မရဘူး။ အပြင်ထွက်ချင်တိုင်း ထွက်လို့မရဘူး။ လှောင်ပိတ်ခံနေရတော့ အပြင်တစ်ခါ ထွက်ရင်လည်း နှစ်ရာကုန်တယ်။ သုံးရာပဲရတာဆို လုပ်စားလို့မရဘူး။ ဒါကြောင့် ရောင်းဝယ်ဖောက်ကားမှုက အရင်းမရှိဘဲနဲ့ရောင်းလို့ရတာ မူးယစ်ဆေးဝါးပဲရှိတယ်။ နှစ်လုံးထီရောင်းသလိုပေါ့။

အလုံးတစ်ရာရောင်းလို့ရရင် သူ့အတွက် အများကြီးကျန်တယ်။ ပိုက်ဆံမကုန်ဘူး။ ရောင်းလိုက်ရတာနဲ့ သူ့ဘာသာပြန်သောက်။ ဒါမျိုးက လုံးလည်ချာလည်နေတာပဲ။ ဒါကြောင့်မို့လို့ တစ်ခါခါသူများမေးတယ်။ ရောင်းလို့သောက်တဲ့သူ ရှိတာလား။ သုံးစွဲသူရှိလို့ ရောင်းတာလားဆိုပြီး။ အဲ့ဒီနှစ်ခုက ကြက်မနဲ့ကြက်ဥ ဘယ်သူအရင်ပေါက်တာလဲဆိုသလို ဖြစ်ကုန်ရော။ ခုနကပြောသလိုပဲ နိုင်ငံရေးစနစ်မကောင်းဘူး။ ပြီးရင် ပညာရေးစနစ် ‌မကောင်းဘူး။ ကျောင်းတွေဖြုတ်လိုက်ရတယ်။ လူမှုရေးစနစ်ပါ ထိခိုက်တယ်။ လူမှုရေးစနစ်လည်းမကောင်း၊ ကျန်းမာရေးစနစ်လည်းမကောင်း၊ နောက်ဆုံးအုပ်ချုပ်သူ လျော့နည်းတဲ့ဖြစ်စဉ်ကြောင့် ဒါမျိုးတွေ ဖြစ်ပေါ်လာတာ။

မေး – ကောင်းကျိုးအနေနဲ့ မူးယစ်ဆေးဝါးကို ဘယ်လိုနေရာတွေမှာသုံးစွဲတတ်ပါသလဲ။
ဖြေ – ကျနော်တို့စာထဲမှာဖတ်ဖူးသလိုပဲ သင်တော့မသင်ရဘူး။ တချို့ကဌာနမှာအလုပ်လုပ်တယ်ဆိုတော့ ဘိန်းတွေဘာတွေဖမ်းမိတာလည်း ရှိမယ်လေ။ မိန်းကလေးတွေဆိုရင် နှမ်းဆီနဲ့စိမ်ပြီး ဆံပင်လိမ်းတာတို့ ။ ဝမ်းလျှောတဲ့သူတွေ ဝမ်းပိတ်အောင်လုပ်တာတို့မှာ လာတောင်းတယ်။ ကျနော်တို့မှာတော့မရှိဘူး။ ဒါတွေက ကျနော်တို့က တရားရေးဌာနကိုအပ်လိုက်တာပဲ။ မေးကြည့်လိုက်တော့ အချို့အဘွားကြီးတွေပဲဖြစ်ဖြစ် အပျိုတွေပဲဖြစ်ဖြစ် ဘိန်းအမဲတွေကိုနှမ်းဆီနဲ့စိမ်ပြီး လိမ်းတယ်။ တချို့ လူကြီးပိုင်းကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘိန်းကိုမီးဖုတ်ပြီးတော့ ရေနဲ့မြိုချရင် ဝမ်းပိတ်သွားတာ။ အဲ့ဒါမျိုးတွေသုံးတာတော့ တွေ့ဖူးတယ်။

မေး – မူးယစ်ဆေးသုံးစွဲသူများနဲ့ရောင်းချသူများ မည်သည့်ပြစ်ဒဏ်များ ခံရနိုင်ပါသလဲ။
ဖြေ – ကျနော်တို့အဖွဲ့အစည်းကတော့ Treatment and Education ဒီနှစ်ခုပဲ တာဝန်ယူထားတော့ ဒီနှစ်ခုပဲလုပ်လို့ရမယ်။ ကျန်တဲ့အစိတ်အပိုင်းကတော့ အုပ်ချုပ်သူအာဏာပိုင်နဲ့ဘဲဆိုင်မယ်။ ပူးပေါင်းဆောင်ရွက်မှုကတော့ရှိပါတယ်။ ကျနော်တို့ရဲ့အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုအဆင့်က လှေတစ်စီးမှာဆိုရင် ရေကိုပက်ထုတ်တဲ့အဆင့်ပဲရှိတယ်။ အပေါက်ကိုဖာဖို့ကတော့ လူကြီးတွေနဲ့ဘဲဆိုင်တယ်။ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိသလို မပတ်သက်ဘူး။ သိတော့သိတယ်။ ဒါလုပ်ပါလို့သွားပြောလို့မရဘူး။ ကျနော်တို့ကရေဝင်တဲ့ဟာကို ပက်ထုတ်လို့ပဲရမယ်။ အပေါက်ပိတ်ဖို့ကတော့ အာဏာပိုင်တွေနဲ့ပဲသက်ဆိုင်မယ်။

မေး – မူးယစ်ဆေးဖြတ်မယ်ဆိုရင် ဘာတွေပြင်ဆင်ဖို့လိုအပ်မလဲ။
ဖြေ – စီစဉ်ထားတာတော့ ကြာပါပြီ။ အချို့ကတော့ ဆေးရုံကနေ ဒီကိုပို့တာရှိတယ်။ ကျနော်တို့ကအဲဒီလိုမျိုး အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်တာရှိသလို ရပ်ကွက်ထဲကမူးယစ်ဆေးဝါးဖြတ်ချင်ရင် မိဘတွေရဲ့ ထောက်ခံချက်၊ အာမခံချက်၊ နေတဲ့ရပ်ကွက်ရဲ့ ရပ်ကွက်ရေးမှူး၊ ပြီးမှ MAT ပေါ့။ MAT ဆိုတာက စေ့စပ်ဖျန်ဖြေရေးနဲ့ ညှိနှိုင်းဆုံးဖြတ်ရေးအဖွဲ့ တရားချိန်ခွင်ပေါ့ဗျာ။ အဲဒီကနေ ထောက်ခံချက်တွေယူပြီးမှ ကျနော်တို့ဆီပို့ရတာ။ တိုက်ရိုက်ပို့ရင် ကျနော်တို့လက်မခံဘူး။ ဘယ်သူအာမခံလဲ။ ဘယ်မိဘကပို့လဲ။ ဘယ်ရပ်ကွက်မှာနေလဲ။ အဲဒါမှ respect ထားတာပေါ့။ သူတို့ကိုကျော်ပြီးပို့ရင် လက်မခံဘူး။ တစ်ဆင့်ပြီးတစ်ဆင့် သွားတာကိုလက်ခံတယ်။ လာလို့ သတ်မှတ်ဦးရေကျော်သွားပြီဆိုရင် ကျနော်တို့မှာ ပေးဖို့မရှိတော့ဘူး။ အဲဒါဆို ကိုယ့်ရိက္ခာတော့ကိုယ်ယူလာ။ ဆေးဖိုးဝါးခတော့ ဒီကအားလုံးလုပ်ပေးတယ်။ ပထမလာတဲ့လူတွေထဲက လူဦးရေမပြည့်မချင်း ဘာမှပေးစရာမလိုဘူး။ ဒီကပဲအကုန်အကျခံတယ်။ ဒါပေမဲ့ သတ်မှတ်ဦးရေကျော်သွားရင်တော့ ကိုယ့်ရိက္ခာကိုယ်ယူလာရင်တော့ရတယ်။

မေး – DARE မှာ မူးယစ်ဆေးလာဖြတ်သူတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – ရှိတယ်။ ကောင်းသွားတဲ့သူရှိသလို အဲဒါထက်ဆိုးသွားတဲ့သူရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ခြံထဲမှာလှောင်ထားတဲ့ငှက်တွေလို အတောင်ရှိတိုင်းပျံလို့မရဘူး။ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ကျနော်တို့က သူတို့အသက်ကို မသေသေးအောင် ဆွဲဆန့်ထားနိုင်ရုံဘဲ တတ်နိုင်တာ။ မလုပ်ပါနဲ့။ မကောင်းပါဘူး။ ဒါမျိုးဘဲ ပြောလို့ရမယ်။ အပြင်ရောက်သွားရင်တော့ ကျနော်တို့ထိန်းလို့ မရတော့ဘူး။ လူကြီးမိဘတွေရဲ့အပိုင်း ဖြစ်သွားပြီလေ။ ကျနော်တို့ထဲမှာနေတုန်းကတော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ပြန်ကောင်းလာအောင် ပြီးရင် mindset တွေပြန်ကောင်းလာအောင် လုပ်ပေးတယ်။ ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာ ပြန်ကောင်းလာအောင် ကုသပေးနိုင်ပေမယ့် စိတ်ဓာတ်ပြောင်းလဲဖို့ဆိုတာက သူတို့ကိုယ်တိုင်ပြောင်းလဲမှရမှာ။ ကျနော်တို့လုပ်လို့မရဘူး။

မေး – မူးယစ်ဆေးသုံးစွဲမှုနည်းလာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
ဖြေ – အဖွဲ့အစည်းတွေအားလုံး လူကြီးမိဘပြည်သူတွေအားလုံး အာဏာပိုင်အားလုံး ပူးပေါင်းဆောင်ရွက်မှဘဲ ရမှာ။ ပျောက်တာတော့မရဘူး။ လျော့နည်းသွားမှာ။ ဘာလို့လဲဆိုတော့ တစ်ချို့ကဖမ်းတယ်။ သုံး၊ လေး လ ကြာရင် ပြန်လွတ်လာရော။ နဂိုအတိုင်းပဲ ပြန်သုံးတယ်။ အဲဒီလိုပဲဖြစ်နေတာ။ အခုက အခွင့်အရေးတွေကလည်း များနေတော့ မနက်ဈေးမှာ ဆေးခြောက်တွေ ဖရီးပေးထားတယ်။ ရောင်းတာတို့၊ စိုက်တာတို့၊ ကျနော်တို့ စခန်းထဲမှာဆိုလည်း စိုက်တဲ့သူရှိပြီ။ ရှုတာလည်းတွေ့နေရတယ်။ အဲဒါကြောင့် အစိုးရက တရားဝင်ခွင့်ပြုထားတော့ ပိုတောင်ဆိုးသွားသေးတယ်။ ဆေးဖြစ်ဝါးဖြစ်သုံးတာမဟုတ်ဘဲ အလွန်အကျွံသုံးတော့ စည်းကမ်းချက်နဲ့ကတော့ မကိုက်ဘူးဖြစ်နေတယ်။ ဒါကို ကျနော်တို့အစည်းအဝေးမှာတင်ပြတယ်။ တင်ပြလည်း ပျောက်သွားတယ်လို့ မရှိဘူး။ ကြိုးတော့ကြိုးစားတာဘဲ။ အခုထက်ထိ‌ လျော့နည်းသွားတာတော့မရှိဘူး။ များလာတာဘဲရှိတယ်။

မေး – မူးယစ်ဆေးသုံးစွဲမှု ပပျောက်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ – တိုက်တွန်းချင်တာကတော့ ကျနော်တို့ဆီဝင်လာတဲ့ဝင်ပေါက်၊ ထွက်ပေါက်ဘဲ။ တရားဝင်ဖွင့်ထားတဲ့ ဂိတ်ပေါက်ကနေလည်း ဝင်လို့ရသေးတယ်။ တချို့ကျတော့ ငါးပိဘူးတွေအောက်မှာဖွက်ပြီး ယူလာတယ်။ တချို့ကတော့ နွားစာရိတ်တဲ့ဟာထဲကနေ ယူလာတယ်။ ဒါလည်းတချို့မိတယ်။ တချို့က အဲဒီတရားဝင်ဂိတ်မှာ မိတဲ့အပြင် တရားဝင်ဂိတ်မထားတဲ့နေရာတွေမှာလည်းဝင်တာ တပုံကြီးရှိတယ်။ အဲဒီ အပေါက်တွေ၊ ဂိတ်တွေပိတ်ပြီး ပျောက်ဆုံးသွားအောင်လုပ်လို့မရဘူး။ လျော့နည်းသွားအောင်ဘဲ လုပ်လို့ရမှာ။ ကျနော်တို့စခန်းက ကျနော်နေလာတာ ဆယ်နှစ်ကျော်ကြာပြီ။ ဒီအလုပ်လုပ်လာတာ ကြာပြီဆိုတော့ ဒါတွေက သိနေမြင်နေရတယ်လေ။ အခုက ‌‌ဈေးကြီးတဲ့ ICE ဆိုတာဝင်လာတယ်။ ရာမဆိုတာ အရင်က တစ်လုံးကို တစ်ရာ့ငါးဆယ့်၊ တစ်ရာ့ရှစ်ဆယ် ပေးရတဲ့ဟာက အခု နှစ်ဆယ်၊ သုံးဆယ်နဲ့ ပိုတောင်ဈေးပေါနေပြီ။ များများစားစားရတယ်ဆိုတော့ ဝင်ပေါက်ထွက်ပေါက်တွေက အရေးကြီးပါတယ်။