ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း နှင့်အနီးရှိ စစ်ကောင်စီတပ်ဂိတ်စခန်း နှစ်ခုအား ကရင်အမျိူသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များက ဒီဇင်ဘာလ(၂၆)ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းမှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း နတ်သံကွင်းနှင့် ပဲနွယ်ကုန်းအကြားမှ စစ်တပ်ဂိတ်စခန်းနှစ်ခုအား ပူးပေါင်းတပ်ကမီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကောင်စီဘက်မှ အသေအပျောက်ရှိခဲ့သလို ယခု သတင်းမေးမြန်းချိန်အထိ နတ်သံကွင်းမြို့မရဲစခန်းအား ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေသည်ဟု နတ်သံကွင်းမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ရဲစခန်းကို ဒီနေ့မနက်အထိချတုန်းပဲ အဲဒီစခန်းကို ဒီဘက်(ပူးပေါင်းတပ်)က ဝိုင်းထားတယ်။ ပဲနွယ် ကုန်းဘက်လည်း ဒီမနက်အထိ တဒုန်းဒုန်းပဲ။ နတ်သံကွင်းနဲ့ပဲနွယ်ကုန်းကြားမှာ စစ်တပ်ဂိတ်နှစ်ခုရှိတယ်လေ။ အဲဒီဂိတ်တွေကို မနေ့ကတည်းက မီးရှို့ပြီးပြီ။ ဂိတ်မှာရှိတဲ့ တပ်တွေက သေတဲ့သူကသေ၊ ပြေးတဲ့သူကပြေး အဲ့လိုကြားတယ်။” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ နတ်သံကွင်းမြို့နှင့်အနီးတဝိုက်ရှိကျေးရွာများအား ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် သုံးကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် ထပ်မံ၍ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ထိခိုက်သေဆုံးမှုများလည်းရှိနေပြီး မြို့အတွင်းပိတ်မိနေသူအချို့နှင့်လည်း အဆက်အသွယ်မရဖြစ်နေကြောင်း နတ်သံကွင်းမြို့မှရှောင်တိမ်းနေထိုင်သူများထံမှ သိရသည်။
အဆိုပါ တိုက်ပွဲကို KNLA ဦးဆောင်မှုဖြင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များနှင့် ကျောင်းသားတပ်မတော်-ABSDF တို့က ပူးပေါင်းဆင်နွှဲနေကြခြင်းဖြစ်သလို နတ်သံကွင်းမြို့အားသိမ်းပိုက်နိုင်ရန် ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ABSDF ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ABSDF ပြောခွင့်ရ ရဲဘော်ကျော်ကျော်လင်းက “မနေ့ညအထိကတော့ တိုက်ပွဲမပြီးသေးဘူး။ လေယာဉ် တွေနဲ့လည်း ဗုံးကြဲတယ်။ မနေ့ကအထိ နတ်သံကွင်းရဲစခန်းကို သိမ်းနိုင်မနိုင်နဲ့ ဒီနေ့အခြေအနေကိုလည်း မသိရသေးဘူး၊ တိုက်ပွဲကတော့ဖြစ်တုန်းပဲ။” ဟု တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။
စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်အချို့တွင်မူ နတ်သံကွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိ၍ KNLA ပူးပေါင်းတပ်ဘက်မှ အသေအပျောက်များနေကြောင်း ဒီဇင်ဘာလ(၂၆)ရက်တွင် ရေးဖော်ပြထားသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီ၏ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ကိုးထောင်နီးပါးရှိသော နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့် ဇွန်လပိုင်းက KNLA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အခြေစိုက်စခန်းများ တပြိုင်တည်း တိုက်ခိုက် သိမ်း ပိုက်သည့် တိုက်ပွဲဖြစ်ပွားပြီးချိန်တွင်လည်း စစ်ကောင်စီက မြို့အတွင်းရှိ ဆေးရုံအပါအဝင် အရပ်သားနေထိုင်ရာ လူနေအိမ်ခြေများအား လေကြောင်းသုံးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်။