Home သတင်း တောင်ကလေးအကျဉ်းထောင်ရှိ စစ်သည်အကျဉ်းသား ၄၅ ဦး စစ်မှုပြန်လည်ထမ်းဆောင်ရန် ခေါ်ထုတ်ခဲ့

တောင်ကလေးအကျဉ်းထောင်ရှိ စစ်သည်အကျဉ်းသား ၄၅ ဦး စစ်မှုပြန်လည်ထမ်းဆောင်ရန် ခေါ်ထုတ်ခဲ့

540

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံတောင်ကလေးအကျဉ်းထောင်ရှိ စစ်သည်အကျဉ်းသား ၄၅ ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးပြီး စစ်မှုပြန်လည်ထမ်းဆောင်ရန် လာရောက်ခေါ် ဆောင်သွားခဲ့သည်ဟု စစ်သည်အကျဉ်းသားမိသားစုဝင်ထံမှ သိရသည်။

အဆိုပါ စစ်သည်အကျဉ်းသား ၄၅ ဦးအား လာရောက်ခေါ်ထုတ်ပြီးနောက် မော်လမြိုင် အရှေ့တောင် တိုင်းစစ်ဌာန ချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခမရ-၉၀၄ တပ်ရင်းတွင် ယာယီထိန်းသိမ်းထားကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း စစ်သည်အကျဉ်းသားမိသားစုဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကျမတို့ အဖေကို တောင်ကလေးထောင်ကနေ စစ်တပ်က ကားနဲ့ လာခေါ်သွားတယ်။ ထောင်က လွတ်တယ်ဆိုတာ သိသိချင်းတောင်ကလေးထောင်ကို လိုက်ပေမယ့် မမီလိုက်ဘူး။ စစ်တပ်က မော်လ မြိုင် ၉၀၄ တပ်ကို ခေါ်ထားတယ်ဆိုတာစုံစမ်းတော့ သိရတယ်။ စစ်မှုပြန်ထမ်းခိုင်းဖို့ ကျန်းမာရေး ကောင်းမကောင်းစစ်နေတယ်။ ပြီးရင် ရာထူးတိုးပေးမယ်။ မွမ်းမံသင်တန်းတက်ရမယ်။ ပြီးရင် စစ်ကြောင်းထွက်ရမယ်လို့ ပြောသံကြားတယ်။ ကျမတို့ မိသားစုတွေ့ခွင့်ရဖို့ စုံစမ်းနေရတုန်းပဲ” ဟု ပြောသည်။

အဆိုပါ အကျဉ်းကျစစ်သည်မှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်သူများအား အားပေးကူညီမှု၊ စစ်စည်းကမ်းချိုးဖောက်မှုဖြင့် စစ်တပ်မှ အရပ်သား အကျဉ်းထောင်သို့ ပြစ်မှုပြစ်ဒဏ်ဖြင့် ထောင် ၅ နှစ် ကျခံနေရသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတစ်ခုမှ တာဝန်ထမ်းဆောင်နေသည့် စစ်သည်အကျဉ်းသား ဖြစ်ကြောင်း သိရသည်။

အကျဉ်းကျစစ်သည်များအား စစ်အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည် ထမ်းဆောင်ရန် ဆန္ဒပြုလာသည်များရှိသည့်အတွက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စစ်ဘက်တာ ဝန်ပြန်လည်ထမ်းဆောင်ခွင့်ပြုမည်ဟု ယခုဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့နောက် နိုင်ငံအတွင်းရှိ အကျဉ်းထောင် /အကျဉ်းစခန်း ၄၆ ခုမှ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်အကျဉ်းသား ၁၂၀၀ ကျော်ခန့်အား လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် စစ်မှုပြန်ထမ်းရန် ‌အကျဉ်းထောင်များမှ ခေါ်ဆောင်မှု များလုပ်ဆောင်နေကြောင်း အကျဉ်းသားများစောင့်ကြည့် ကူညီပေးနေသည့် ကွန်ရက်အဖွဲ့များ၏ သတင်းအချက်အလက်များအရ သိရှိရသည်။

အကျဉ်းသားကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့ဝင်တစ်ဦးက “အခုထောင်တွေကနေ သာမန်အကြပ် စစ်သည်တပ်သား အကျဉ်းသားတွေကို လွတ်ငြိမ်းနဲ့လွတ်တယ်။ စာရင်းအရ စစ်တပ်က ကားနဲ့ တိုင်း စစ် ဌာနချုပ်ရဲ့ ယာယီထိန်းသိမ်းတဲ့ တပ်ရင်းတွေမှာ စုထားတယ်။ အရာရှိအကျဉ်းသားတွေတော့ လွတ်ငြိမ်း မှာ မပါဘူးလို့ သိရတယ်။ အများစုကတော့ လွတ်ချင်တာပဲ သိတယ်။ စစ်မှုပြန်ထမ်းရမယ် ဆို တာမျိုး ဘယ်သူမှမလုပ်ချင်ကြဘူးလို့ သိရတယ်။ သူတို့ စစ်မှုပြန်ထမ်းခိုင်းတဲ့အစီအစဉ်ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာစောင့်ကြည့်နေတယ်” ဟု ပြောသည်။

လတ်တလော ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းတွင် စစ်တပ်က အရပ်သားများ အား စစ်သား စုဆောင်းမှုများ၊ နယ်ခြားစောင့်တပ် -BGF အဖြစ် စုစည်းမှုများ၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့၊ ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ များအဖြစ် ဖိအားပေးလူသစ်စုဆောင်းမှုများလုပ်ဆောင်နေရာမှ ယခု စစ်သည် အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် စစ်မှုပြန်ထမ်းရန်အကျဉ်းထောင်များမှ ပြန်လည် ခေါ်ထုတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။